
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၂ သန်းကျော်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ် (Certificate of Identity-CI) မပြုလုပ်ရေးနဲ့ စစ်အာဏာရှင်ကို အခွန်မပေးကြဖို့ မြန်မာ စုပေါင်း တောင်းဆိုနေကြ ပါတယ်။
မြန်မာအလုပ်သမားတွေဟာ အလုပ်အကိုင်နိုင်ငံကူးလက်မှတ် PJ ပတ်စ်ပို့ သက်တမ်းတိုးတဲ့အခါမှာ အခွန် ၂ ရာခိုင်နှုန်းနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုထံလွှဲငွေ အထောက်အထား ပြသရတာကြောင့် အကျပ်အတည်း ကြုံနေရချိန်မှာ CI စာအုပ်လုပ်ရာမှာလည်း ငွေအကုန်အကျများနေလို့ အခုလို တောင်းဆိုနေကြတာပါ။
နိုင်ငံခြားဝင်ငွေလိုအပ်နေတဲ့ စစ်အာဏာရှင် အစိုးရဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး အလုပ်သမားတွေရဲ့ အခြေခံလစာ ၂ ရာခိုင်နှုန်းကို တလ ဘတ် ၁၅၀ နှုန်းနဲ့ အခွန်တွက်ချက်ကာ ပတ်စ်ပို့သက်တမ်းတိုးချိန်မှာ တခါတည်း ကောက်ခံနေတာပါ။
ဒါ့အပြင် အခွန် အပါအဝင် စာအုပ်ပြုလုပ်ခ၊ ပွဲစားခနဲ့ မိသားစုထံ လွှဲပို့ငွေ အထောက်အထား ပြသရတာကြောင့် စာအုပ်သက်တမ်းတိုးခတွေဟာ ဘတ် ၁၀,၀၀၀ အထက်မှာ ရှိနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
ထိုင်းရောက် မြန်မာအလုပ်သမား ကိုစိုးမိုးက “ ပတ်စ်ပို့အပေါ် အခြေခံပြီးတော့ပဲ သက်တမ်းတိုးမယ် ဆိုလို့ရှိရင် အခွန်မဖြစ်မနေ ဒီဟာကို သက်တမ်းတိုးချင်တဲ့ လူမှန်သမျှ အခွန်ဆောင်ရတဲ့ ကိစ္စကို လုပ်ကိုလုပ်ရမယ် ဆိုပြီးတော့ ဒီ သံရုံးမှာပဲ တိုးတိုး၊ မြန်မာပြည်ကို ပြန်ပြီးတော့ပဲ စာအုပ်တိုးတိုး၊ အဲ့လိုမျိုး အခွန်ဆောင်ကို ဆောင်ရမယ်ဆိုတဲ့ ပုံစံမျိုး တင်းကျပ်လိုက်တဲ့ သဘောပေါ့။ အဲ့ဒါအပြင် PV သမားတွေတောင်မှ ဒီမှာ တနှစ်ကျော် နောက်ပိုင်းမှာ နေတယ်ဆိုလို့ရှိရင် မြန်မာပြည်တွင်းထဲမှာ ပြန်ဝင်လာပြီးတော့ အဲ့ဒီစာအုပ်ကို သက်တမ်းသာ တိုးချင်တယ်ဆိုရင် အခွန်ဆောင်ရမယ်ဆိုတော့ ထောင့်ပေါင်းစုံကနေ အခွန် မရရအောင် ကျပ်လိုက်တဲ့ သဘောပါပဲ”လို့ ပြောပါတယ်။
မိသားစုထံ လစာရဲ့ ၂၅ ရာခိုင်နှုန်း အနည်းဆုံး ၃ လစာ လွှဲပို့ငွေ ဘတ် ၆,၀၀၀ တရားဝင် လွှဲထားကြောင်းအထောက်အထား စလစ်မပြသမှာသာ သက်တမ်းတိုးပေးနေတယ်လို့ မြန်မာသံရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီလိုအခွန်နဲ့ ငွေလွှဲ စည်းကမ်းတွေကြောင့် ပတ်စ်ပို့သက်တမ်းတိုးဖို့ အခက်အခဲရှိတဲ့အပြင် အထောက်အထားမဲ့ လုပ်သားတွေအတွက် CI စာအုပ်ပြုလုပ်ခနဲ့ စစ်အာဏာရှင်ကို ပေးရတဲ့ သွေးစွန်း အခွန်ငွေကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေဟာ CI လုပ်ဖို့လည်း မလိုလားကြဘူး လို့ ပြောဆိုကြပါတယ်။
အဲဒီအတွက် CI မပြုလုပ်ရေးနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကနေ အထောက်အထား တစုံတရာ ထုတ်ပေးဖို့နဲ့ ထိုင်းအစိုးရက အသိအမှတ်ပြုပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ အလုပ်သမား ၂ သန်းကျော် ပါဝင်လာပါတယ်။ အဲဒီ စစ်တမ်းကိုတော့ မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) ကို နိုဝင်ဘာ ၁ ရက်မှာ စတင်ကောက်ခံနေတာပါ။
နိုဝင်ဘာ ၆ ရက် ညအထိ ရရှိထားတဲ့ စစ်တမ်းရလဒ်အရ NUG ထုတ် အထောက်အထားကို လိုလားသူ ၂,၁၈၀,၀၀၀ ကျော်ရှိပြီး၊ မလိုလားသူ ၈၉၄ ယောက် ရှိပါတယ်။
MMWRCCT ယာယီကော်မတီအဖွဲ့ဝင် ကိုနေမျိုးဇင်က “ကျနော်တို့ အခု တောင်းဆိုမှုဟာ ရွှေ့ပြောင်းလုပ်သား CI မလုပ်လို့ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် ထောက်ထားမဲ့သွားတဲ့ လုပ်သားထု ၁ သန်းလောက် အတွက်တင် မဟုတ်ပါဘူး။ မကြာခင် ရက်ပိုင်းအတွင်းမှာ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သား အနည်းဆုံး ၃ သန်းဟာ ပတ်စပို့ သက်တမ်းတွေ တိုးကြရပါတော့မယ်။ တိုးကြတော့မယ်ဆိုတဲ့အခါ အခု သူတို့ကို မဖြစ်မနေ တောင်းခံလာတဲ့ ၂ ရာခိုင်နှုန်း အခွန်နဲ့ ၃ လစာ မဖြစ်မနေ ပြန်သွင်းရမယ်ဆိုတဲ့ စလစ်၊ တချို့တွေဆိုလို့ရှိရင် ကိုယ့် ဒီ ၈ မြို့နယ်ဆိုရင် ပြည်တွင်းထိပြန်ပြီးတော့ ပတ်စပို့ကို သက်တမ်းတိုးရမယ်။ ဆိုတော့ အဲဒီမှာတင် အသက်ပြည့်တဲ့လူတွေက ပြည်သူ့စစ်ဆိုတဲ့ အဓမ္မ စစ်မှုထမ်းနဲ့ ဖမ်းဆီးခံရဖို့က များတယ်။ များတော့ ၃ သန်းလောက် ပမာဏက ပတ်စပို့သက်တမ်းတိုးဖို့ သူတို့ ကြိုးစားနိုင်မှာ မဟုတ်ဘူး။ မကြိုးစားချင်တော့ဘူးပေါ့”လို့ ပြောပါတယ်။
MMWRCCT အဖွဲ့ကတော့ CI စာအုပ်အစား ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ခွင့်လက်မှတ် Work Permit ကို အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပြုဖို့၊ ဗီဇာကြေးနဲ့ အခွန်တွေကိုလည်း ထိုင်းအစိုးရထံ တိုက်ရိုက်ပေးဆောင်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
ဒီတောင်းဆိုမှုတွေနဲ့အတူ NUG က ထုတ်ပေးမဲ့အထောက်အထားကို အသိအမှတ်ပြုရေးအတွက် လုပ်သားထုရဲ့ ဆန္ဒပြုလက်မှတ်တွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတဆင့် ကုလသမဂ္ဂထံ တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။
စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ထိုင်းအစိုးရအတွင်းရှိ ပါတီတချို့ဟာ CI လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးနေပြီး NUG ဟာ တရားဝင်အစိုးရ မဟုတ်တာကြောင့် နိုင်ငံကူးလက်မှတ်နဲ့ CI ထုတ်ပေးခွင့်မရှိဘူးလို့ ပြောပါတယ်။
CI ထုတ်ပေးရေးလုပ်ငန်းကို အောက်တိုဘာ ၁၄ ရက်က စတင်ခဲ့ပေမဲ့ တလနီးပါးအတွင်း လျှောက်ထားလုပ်ဆောင်သူ ၁၅,၀၀၀ ဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။
တဖက်မှာတော့ ထိုင်းအလုပ်သမားဝန်ကြီးက CI စင်တာတွေကို ဖျက်သိမ်းမှာ မဟုတ်ဘဲ ဆက်လက် ဖွင့်လှစ်သွားမယ်လို့ နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။
CI လုပ်ငန်းစဉ်အတွင်း မြန်မာလုပ်သားတွေဆီက လုပ်ခ ၂၅ ရာခိုင်နှုန်း ငွေလွှဲခိုင်းတဲ့ ကိစ္စကိုတော့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကန့်ကွက်ထားပါတယ်။
ဇွဲသစ်











