DVB Logo
Home
မြန်မာသတင်း
Dawei Watch သတင်းဌာန မြိတ်အခြေစိုက် သတင်းသမား ၂ ဦး ဖမ်းဆီးခံရ
DVB
·
December 13, 2023
Dawei Watch သတင်းဌာန မြိတ်အခြေစိုက် သတင်းသမား ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ Dawei Watch သတင်းဌာနရဲ့ မြိတ်အခြေစိုက် သတင်းသမား ၂ ဦးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၂ နာရီဝန်းကျင်မှာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြိတ်အခြေစိုက် သတင်းသမား ၂ ဦးဖြစ်တဲ့ ကိုအောင်ဆန်းဦးနဲ့ ကိုမျိုးမြင့်ဦးကို သတင်းရေးသားမှုကြောင့် စစ်ကောင်စီက နေအိမ်မှာ လာရောက် ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူကပြောပါတယ်။

“ည ၁၂ နာရီလောက်မှာ လာရောက်ဖမ်းဆီးသွားတာပါ။ ကိုအောင်ဆန်းဦး အိမ်ကျတော့ ကားတွေ ဝင်မရဘူး။ ကိုမျိုးမြင့်ဦးအိမ်ကျတော့ ပျူစောထီး ၅ ယောက်နဲ့ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ အိမ်အပြင်မှာလည်း စစ်သားတွေနဲ့ ကားနှစ်စီး ပါတယ်။ ဖမ်းဆီးရာမှာတော့ ဖမ်းဝရမ်းမပါဘူး။”

အခုလို သတင်းသမားနှစ်ဦးကို ဖမ်းဆီးရာမှာ Dawei Watch သတင်းဌာနပိုင် လပ်တော့ပ် နှစ်လုံး အပါအဝင် သတင်းထောက်တွေရဲ့ ဖုန်းနဲ့ မိသားစုဝင်တွေရဲ့ ဖုန်းတွေပါ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

Dawei Watch သတင်းဌာနရဲ့ အယ်ဒီတာက “သတင်းသမားတွေဟာ သတင်းစာကျင့်ဝတ်နဲ့ အညီ သတင်းအလုပ်လုပ်ကို လုပ်တာပါ။ သတင်းသမားတွေက သတင်းရေးသားတာဟာ ပြစ်မှုမမြောက်ပါဘူး။ ကျနော်တို့ သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါ”လို့ တောင်းဆိုပါတယ်။

လက်ရှိအခြေအနေမှာ သတင်းသမားနှစ်ဦးကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာ အတိအကျ မသိသေးသလို မိသားစုနဲ့ သက်ဆိုင်ရာ သတင်းဌာနကိုလည်း တရားဝင် အသိပေး အကြောင်းကြားတာမျိုးလည်းမရှိဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံ သတင်းသမား ၂ ယောက်ကို စစ်ကောင်စီက စစ်ကြောရေးစခန်းတခုမှာ  ချုပ်နှောင်စစ်ဆေးနေတယ်လို့ နောက်ဆုံးသတင်းရတဲ့အကြောင်း  Dawei Watch သတင်းဌာနရဲ့ အယ်ဒီတာက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013