
မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်က ခေါ်ထုတ်သွားခဲ့တဲ့ စစ်ပြေး၊ ရဲပြေးတွေကို ဒီဇင်ဘာ ၁၂ ရက်မှာ ထောင်တွေဆီ ပြန်ပို့လာတယ်လို့ အကျဉ်းထောင် အသိုက်အဝန်းကနေ သိရပါတယ်။
ပြစ်မှုအမျိုးမျိုးနဲ့ထောင်ကျနေတဲ့ စစ်ပြေး၊ ရဲပြေးနဲ့ စစ်စည်းကမ်း ချိုးဖောက်လို့ ပြစ်ဒဏ်ကျခံနေရတဲ့ စစ်မှုထမ်းဟောင်းတွေကို ဒီဇင်ဘာ ၇ ရက်က လွတ်ငြိမ်းခွင့်ပေးမယ်ဆိုကာ နီးစပ်ရာ စစ်ကောင်စီတပ်ကနေ ခေါ်ထုတ်သွားပြီး တပတ်လောက်အကြာမှာ ထောင်ကို ပြန်ပို့တာဖြစ်ပါတယ်။
သာယာ၀တီထောင်နဲ့ နီးစပ်သူ တဦးက “သာယာ၀တီထောင်က ၇ ရက်နေ့က ထုတ်သွားတာ အယောက် ၁၀၀ လောက်ရှိတယ်၊ မနေ့က ညနေပိုင်းမှာ အကုန်ပြန်ပို့သွားတယ်။ စစ်တပ်က လူတွေပဲ ပြန်လာပို့တာ။ ဘာလို့လဲဆိုတာတော့ ထောင်ပိုင်ပဲ သိမယ်။ အခုသူတို့ကို ကွာရန်တင်းအဆောင်မှာ ထားတယ်။ ခေါ်သွားတဲ့နေ့တုန်းတော့ မျက်နှာငယ်လေးတွေနဲ့ မလိုက်ချင်ကြဘူး။ တချို့ဆို ထောင်က မထွက်ချင်လို့ ငိုကြတယ်။ အခုတော့ ဘာတွေ ပြန်ဖြစ်လဲမသိဘူး။ ထောင်ကို ပြန်ပို့တယ်။ အကုန်ပါ မပါတော့ မသိသေးဘူး” လို့ ပြောပါတယ်။
ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်နဲ့ ပေါင်းတည်အကျဉ်းထောင်တွေကနေ ခေါ်ထုတ်သွားတဲ့ စစ်ပြေးနဲ့ ရဲပြေးတွေကို မနေ့က အကုန်ပြန်ပို့လိုက်ပြီးလို့ သိရပါတယ်။
ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က “သူတို့ကို မယုံကြည်ရလို့ဆိုပြီး ပြန်ပို့တာ။ ထုတ်သွားကတည်းက လွတ်ငြိမ်းဆိုပြီး ထောင်ထွက် ၀ရမ်းလည်း မရကြဘူး။ ထုံးစံက လွတ်ငြိမ်းလို့ ကြေညာပြီးရင် အကုန်လွှတ်ပေးရမှာ။ အခုထောင်ထဲကိုတော့ ပြန်ပို့လိုက်ပါပြီ၊ ပြည်ထောင်ကတော့ ခေါ်သွားတဲ့ ၃၉ ယောက်လုံး အကုန်ပြန်ပို့လိုက်တာ။ ပေါင်းတည် အရေအတွက်တော့ မမေးလိုက်ရဘူး။ သူတို့ကို လွှတ်ပေးမလား မလွှတ်ပေးဘူးလား မသိသေးဘူး။ လွတ်ငြိမ်းကြေညာပြီးသား ဆိုတော့ လွှတ်ပေးမယ် ထင်တယ်။ ထောင်ပိုင်တော့ သိလောက်မယ်” လို့ ပြောပါတယ်။
အလားတူ ပေါင်းတည်ထောင်၊ ပုသိမ်ထောင်တွေကလည်း ထုတ်သွားတဲ့ စစ်ပြေးတွေကို ထောင်တွေကို ပြန်ပို့လိုက်တယ်လို့ သတင်းရရှိပေမဲ့ အရေအတွက် အတိအကျ သိရအောင် အကျဉ်းဦးစီးဌာနကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းကိုင်ခြင်းမရှိပါဘူး။
စစ်ကောင်စီတပ်က ခွင့်မဲ့နဲ့ စစ်ပြေး စစ်သားတွေ မူလတာဝန်ပြန်ပြီး ထမ်းဆောင်မယ်ဆိုရင် ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ ဒီဇင်ဘာ ၃ ရက်က စစ်ကောင်စီက ထုတ်ပြန် ဖိတ်ခေါ်ထားပါတယ်။
နိုင်ငံတော် ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်မှာ ပြန်လည်တာဝန် ထမ်းဆောင်လို ကြောင်း ခွင့်မဲ့/စစ်ပြေး စစ်သည်တွေက ဆက်သွယ်တင်ပြလာမှုအရ သတ်မှတ်ကာလနဲ့ အကျုံးဝင်တဲ့ စစ်သည်တွေကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာ တပ်တွေမှာ ပြန်လည် လက်ခံပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။
ဒီနောက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် အမျိုးသားနေ့က နိုင်ငံတဝန်းက အကျဉ်းထောင်တွေ အသီးသီးကနေ စစ်ပြေးနဲ့ ရဲပြေး အကျဉ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားတာဖြစ်ပါတယ်။