
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု အဟန့်အတားတွေ၊ ကျင်ငွေတန်ဖိုး မတည်ငြိမ်မှုနဲ့ ငွေကြေးဖောင်းပွမှု အခြေအနေမျိုးစုံရဲ့ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေပြီး မတ်လ ၂၀၂၄ ခုနှစ်အထိ တနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၁ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားမှု မြင့်တက်ခဲ့ပြီး လူဦးရေ ၅ သိန်းကျော်လောက် နေရပ်စွန့်ခွာတိမ်းရောင်ခဲ့ရကာ ကုန်သွယ်မှု လမ်းကြောင်းတွေ ထိခိုက်လို့ ကုန်စည် သယ်ယူပို့ဆောင်ရေး စရိတ်တွေလည်း မြင့်တက်လာခဲ့ပါတယ်။
အကယ်၍ ပဋိပက္ခများ ဖြစ်ပွားမှု အရှိန်အဟုန် ဆက်ပြိး မြင့်တက်လာခြင်း မရှိဘူးဆိုရင်တောင် လာမယ့် ၂ဝ၂၄ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်းဟာ ဆက်ပြီး နှေးကွေးနေဦးမှာဖြစ်တဲ့အပြင် ၂၀၂၅ ခုနှစ်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေမှာ နှေးကွေးကြန့်ကြာမှုတွေ ဆက်လက်ကျယ်ပြန့် လာနိုင်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
မြန်မာ့ စီးပွားရေး ပမာဏဟာ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း ဆက်လက် နိမ့်ကျနေသေးတာကြောင့် အရှေ့အာရှဒေသမှာ ကမ္ဘာ့ကပ်ရောဂါ မတိုင်မီရှိခဲ့တဲ့ စီးပွားရေးအခြေအနေကို ပြန်မရောက်နိုင်တဲ့ တခုတည်းသော နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေတယ်လို့ ဆိုပါတယ်။
“စီးပွားရေးအခြေအနေတွေ ဆိုးရွားလာနေပြီး အနာဂတ်အတွက် မသေချာမရေရာမှုတွေကလည်း ပိုပြီးဆိုးလာပါတယ်။ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝင်ငွေအများစုကို အစားအစာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန်ဈေးနှုန်း မြင့်တက်မှု ပိုမြန်တဲ့ ဒေသတွေမှာ နေထိုင်ရတဲ့ အခြေခံလူတန်းစားများကို ပိုပြီး ထိခိုက်စေပါတယ်။" လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ပြည်သူ့သမ္မတနိုင်ငံတော် ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန် က ပြောကြားခဲ့ပါတယ်။
ဒီနှစ် ဇွန်လအထိ ၁၂ လတာ ကာလအတွင်း စားသုံးကုန်ပစ္စည်းတန်ဖိုးဟာ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အပြင် ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ပဋိပက္ခတွေ ကျယ်ပြန့်လာတာကြောင့် ကုန်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်လာနေဆဲဖြစ်ပါတယ်။
တဖက်မှာလည်း အိမ်ထောင်စုဝင်ငွေတွေ ဆိုးဆိုးရွားရွား ဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး အိမ်ထောင်စုတွေရဲ့ ၄၀ ရာခိုင်နှုန်းက ပြီးခဲ့တဲ့နှစ်ကထက် ဝင်ငွေ ကျဆင်းခဲ့တယ်လို့ ၂၀၂၃ ခုနှစ် နှစ်လယ်တွင် IFPRI က ကောက်ယူခဲ့သည့် စစ်တမ်းအချက်အလက်တွေက ဆိုပါတယ်။










