DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် စက်သုံးဆီ ပြင်ပပေါက်ဈေး ၁ လီတာ ကျပ် ၇၀၀၀ အထိ ရောင်းချနေ
DVB
·
December 12, 2023
မွန်ပြည်နယ်တွင် စက်သုံးဆီ ပြင်ပပေါက်ဈေး ၁ လီတာ ကျပ် ၇၀၀၀ အထိ ရောင်းချနေ
Donate to DVB

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့နယ်တချို့မှာ စက်သုံးဆီ ရောင်းချတဲ့ ပြင်ပဈေးကွက်ပေါ်လာပြီး စက်သုံးဆီတလီတာကို ကျပ် ၇,၀၀၀ အထိ ရောင်းချနေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ ပြည်နယ်အတွင်းက စက်သုံးဆီဆိုင်တချို့မှာ ဆီဝယ်ယူရရှိနေပေမဲ့ နာရီနဲ့ချီပြီး တန်းစီစောင့်ဆိုင်းနေရတာအပြင် အကန့်သတ်နဲ့ ရောင်းပေးနေတာတွေလည်း ရှိတယ်လို့ ပေါင်မြို့ ဒေသခံတဦးက ပြောပါတယ်။

"ဆီဆိုင်တွေမှာက ဆီကားတွေရောက်မှ ရောင်းပေးတာ။ ရောင်းတဲ့ခါလည်း တန်းစီပြီး စောင့်ရတာ ၂ နာရီလောက်ကြာတယ်။ အရင်လိုနေရင်တော့ လမ်းဘေးဆိုင်က ဝယ်ရတာပေါ့။ စျေးတော့ ပိုပေးရတယ်။ ရေသန့်ဘူး ၁ ဘူးကို အနည်းဆုံး ၅ ထောင်ပဲ။" 

အာဏာသိမ်းမှုအတွင်း စက်သုံးဆီပြတ်လပ်မှုကို မကြာခဏရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ အခုနှစ်နှောင်းပိုင်း ဒီဇင်ဘာလဆန်းကစပြီး ဆီပြတ်လပ်မှုကို အဆိုးဝါးဆုံး ထပ်မံကြုံတွေ့နေရသလို ဆီရရှိဖို့အရေး နာရီနဲ့ချီ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညပိုင်းက မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ လမုတန်းဈေးအနီးက ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီရောင်းချနေတဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီက ရေနံနဲ့ ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း မွန်ပြည်နယ်အတွင်းရှိ ဆီဆိုင်တွေအနေနဲ့ ဆီဈေးနှုန်းအတက်အကျပေါ်မူတည်ပြီး ရောင်းချဖို့နဲ့ လိုင်စင်မရှိဘဲ ဂါလန် ၅၀ အထက် သိုလှောင်ထားပါက ဥပဒေအရ ထိရောက်စွာအရေးယူသွားမယ်လို့ ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် စက်သုံးဆီပြတ်လပ်မှုဟာ လတ်တလော မွန်ပြည်နယ်သာမက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေတဲ့အတွက် စက်သုံးဆီရရှိရေး ဘယ်လိုပုံစံမျိုးနဲ့ ပြည်နယ်ကောင်စီဘက်က အကူအညီပေးမယ်ဆိုတာကိုတော့ အသေးစိတ်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

စက်သုံးဆီဝယ်ယူရာမှာလည်း အရောင်းဆိုင်တွေက ကားတစီးကို ကျပ် ၃၀,၀၀၀ ဖိုး၊ ဆိုင်ကယ်တစီးကို ကျပ် ၅၀၀၀ ဖိုးသာ ရောင်းပေးနေတဲ့အတွက် ဆီမလုံလောက်တာအပြင် လုံးဝဝယ်ယူလို့မရတဲ့ အခြေအနေတွေနဲ့ပါ ထပ်မံရင်ဆိုင်နေကြရပါတယ်။

စက်သုံးဆီပြတ်လပ်မှုနဲ့အတူ စက်သုံးဆီဈေးနှုန်းကလည်း တစ်လီတာကို ကျပ် ၂၇၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး မှောင်ခိုဈေးကွက်မှာတော့ တလီတာကို ကျပ် ၅၀၀၀ ကနေ ကျပ် ၇၀၀၀ အထိ ပေါက်ဈေးရှိနေတာပါ။

စက်သုံးဆီဝယ်ယူဖို့ အခက်ခဲရှိနေတဲ့ အသေးစား အလတ်စားလုပ်ငန်းတွေ၊ ပုဂ္ဂလိကလျှပ်စစ်ဖြန့်ဖြူးနေတဲသူတွေ ခရီးသည်တင်လိုင်းကားသမားတွေနဲ့ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတွေပါ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013