DVB Logo
Home
မြန်မာသတင်း
၂၀၂၃ မိုးစပါးအတွက် ဆန်စပါးအသင်းချုပ် စျေးနှုန်းသတ်မှတ်၊ ပြင်ပပေါက်ဈေးအောက် လျော့နည်း
DVB
·
December 12, 2023
၂၀၂၃ မိုးစပါးအတွက် ဆန်စပါးအသင်းချုပ် စျေးနှုန်းသတ်မှတ်၊ ပြင်ပပေါက်ဈေးအောက် လျော့နည်း
Donate to DVB

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီဇင်ဘာလအတွက် သင့်တင့်မျှတတဲ့ ဆန်စျေးကွက်ဈေးနှုန်း (Reasonable Market price ) တွေကို သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။

အသင်းချုပ်အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ထုတ်ပြန်ထားတဲ့ ၂၀၂၃ မိုးစပါး ရည်ညွှန်းဈေးနှုန်းတွေအပေါ် အခြေခံပြီး ဆန်ဈေးနှုန်းတွေကို စားသုံးသူနဲ့  ကြိတ်ခွဲထုတ်လုပ်သူတွေအကြား သင့်တင့်မျှတဲ့ စျေးနှုန်းတွေဖြစ်စေဖို့ လအလိုက်  ထုတ်ပြန်ပေးနေတာလို့ ဆိုထားပါတယ်။

အသင်းချုပ်ရဲ့ ဒီဇင်ဘာလအတွက် သတ်မှတ်ဈေးတွေကတော့ ဧည့်မထ အုပ်စုဝင် ဆန်အမျိုးအစားတွေအတွက် ၁၀၈ ပေါင်  ၂၄ ပြည်တအိတ်ကို ကျပ် ၆၀,၀၀၀ ကနေ ၆၈,၀၀၀ ကျပ်၊ ရက် ၉၀၊ ပခန်း၊ အညာသားနဲ့ အထူးဧည့်မထအုပ်စုဝင် ဆန်တွေအတွက် ၆၈,၀၀၀ ကနေ ၇၂,၀၀၀၊ ဧရာမင်းနဲ့ ဧရာပဒေသာ ဆန်တွေအတွက် ကျပ် ၉၀၀၀၀ ကနေ  ၉၅၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ဆန်အမျိုးအစားတွေအတွက် ၈၀,၀၀၀ ကနေ ၉၀,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တအိတ်ကို ၉၀,၀၀၀ ကနေ ၉၅,၀၀၀ ကျပ် အသီးသီး ရှိပါတယ်။

ဒါပေမဲ့ ဈေးကွက်ပေါက်ဈေးနဲ့ယှဉ်ရင်တော့ ကွာခြားမှု ရှိနေပါတယ်။ ဥပမာအားဖြင့် ရွှေဘိုပေါ်ဆန်းတအိတ်ဟာ ဈေးကွက်မှာ ၁၇၅,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပေမဲ့ အသင်းချုပ်ကတော့ ၉၀,၀၀၀-၉၅,၀၀၀ သာ သတ်မှတ်ထားပါတယ်။

MRF အနေနဲ့ အသင်းဝင် ကုမ္ပဏီတွေ၊ ကုန်စည်ဒိုင် အသင်းဝင်တွေနဲ့ exporter တွေကို အဲဒီ သတ်မှတ်ဈေးနှုန်းတွေနဲ့ အရောင်းအဝယ်တွေ ဆောင်ရွက်ကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက  ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။

အသင်းချုပ်ရဲ့ အခုလအတွက် သတ်မှတ်ဆန်စျေးနှုန်းတွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ  သတ်မှတ်စျေးနဲ့ ယှဉ်ရင်ဆန်အမျိုးအစား အလိုက် တအိတ်ကို ကျပ် ၄,၀၀၀ ကနေ ၁၅,၀၀၀ ဝန်းကျင်ထိ  မြင့်တက်လာတာကို တွေ့ရပါတယ်။

ပြည်တွင်း ဆန်လက်လီ လက်ကား အရောင်းအဝယ် ဈေးကွက်အတွင်းမှာလည်း ဆန်ကြမ်းရော ဆန်ချောဈေးနှုန်းတွေပါ အတက်ဈေးမှာပဲ ရှိနေတာပါ။

“ဆန်စျေးကတော့ တက်ဈေးမှာပါပဲ။ ‎စျေးနှုန်းက ဆက်တိုက်တက်နေတာပါ။ ရွှေဘိုက တအိတ်ကို ၁၇၅,၀၀၀ ထိ ရှိပါတယ်။ တခြားဆန်တွေလည်း တက်ပါတယ်” လို့ ရန်ကုန်မြို့က  ဆန်လက်လီ လက်ကား ‎ရောင်းချသူတဦးက ပြောပါတယ်။

အသင်းချုပ်အနေနဲ့ အဆိုပါ ဆန်ဈေးနှုန်းတွေ သတ်မှတ်ရာမှာ စိုက်ပျိုးသူ တောင်သူတွေ၊ ကြိတ်ခွဲထုတ်လုပ်တဲ့ ဆန်စက်လုပ်ငန်တွေ၊  သိုလှောင်ဖြန့်ဖြူး ရောင်းချသူတွေနဲ့ ဝယ်ယူ စားသုံးသူအတွက်  သင့်တင့်မျှတတဲ့ ဆန်စျေးနှုန်း ဖြစ်အောင် တွက်ချက်ပြီး သတ်မှတ်ပေးခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်တွင်း၊ ပြည်ပ အရင်နှစ်၊ အခုနှစ် ဆန်ဈေးနှုန်းတွေနဲ့ ပြည်တွင်းဈေးကွက်က  အခြားကုန်ဈေးနှုန်းတွေနဲ့လည်း ချင့်ချိန်ဆက်စပ်ပြီးလည်း ဈေးနှုန်းတွေကို တွက်ချက်ပေးထားတာလို့ ဆိုထားပါတယ်။

ဒါပေမယ့် အဲဒီဈေးနှုန်းတွေက ဈေးကွက်အတွင်း  လက်လီလက်ကား ရောင်းချမှုတွေမှာ ဈေးနှုန်း အနေနဲ့ ၅ ရာခိုင်နှုန်း  ကွာဟနိုင်တယ်လို့လည်း အသင်းချုပ်က ဆိုပါတယ်။

ဒါပေမဲ့ အမှန်တကယ် ဈေးနှုန်းကွာဟချက်က ၂၀ ကနေ ၃၀ ရာခိုင်နှုန်းထိ ကွာဟချက်ရှိနေပါတယ်။

ဆန်စပါးဈေးကွက်နဲ့  ဈေးနှုန်း မတည်မငြိမ် ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်နေတာတွေအပေါ် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ပြီးစုံစမ်းဖော်ထုတ်နေကြောင်းနဲ့ ဆန်စပါး သိုလှောင်မှုတွေအပေါ် စိစစ်ကြပ်မတ်နေကြောင်းကိုလည်း အသင်းချူပ်က သတ်ိပေးထုတ်ပြန်ထားပါသေးတယ်။

ဒါ့အပြင်   နိုင်ငံခြားငွေ သတ်မှတ်ချက်ပြောင်းလဲမှုကို အခွင့်ကောင်းယူပြီး ပြည်တွင်းဆန်စပါး ဈေးကွက်အတွင်းမှာ ဆန်ဈေးနှုန်းတွေကို လိုအပ်တာထက်ပိုပြီး  တိုးမြှင့်ရောင်းချမှု မပြုဖို့လည်း MRFက သတိပေးထားပါတယ်။

တဖက်မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း စပါးစိုက်ပျိုးရာမှာ  အလုပ်သမားငှားရမ်းခ၊ ထွန်ယက်ခနဲ့ စိုက်ပျိုးစရိတ်တွေအပါအဝင် သွင်းအားစုတွေအတွက် တောင်သူတွေ ပိုကုန်ကျမှု ရှိခဲ့သလို လက်တလောမှာလည်း ပြည်တွင်းစက်သုံးဆီ ရှားပါးပြတ်လပ်ပြီး ဈေးနှုန်းကြီး မြင့်လာမှု‎ကြောင့် လယ်သမားတွေက စပါးရိတ်သိမ်းဖို့အတွက် စက်မောင်းဆီတွေ ဝယ်ယူဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013