DVB Logo
Home
မြန်မာသတင်း
မုန်းမြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ထားသဖြင့် မြို့ခံပြည်သူများနေရပ် မပြန်ရဲ
DVB
·
December 12, 2023
မုန်းမြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်ထားသဖြင့် မြို့ခံပြည်သူများနေရပ် မပြန်ရဲ
Donate to DVB

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားတာကြောင့် မြို့ခံပြည်သူတွေဟာ နေရပ် မပြန်ရဲသေးဘဲ ဖြစ်နေပါတယ်။

ဒီဇင်ဘာ ၂ ရက် ည ၁၂ နာရီလောက်က စတင်ဖြစ်ပွားခဲ့တဲ့  မုန်းမြို့တွင်း မြို့ပြင် တိုက်ပွဲတွေကြောင့် မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်အပါအဝင် ကျေးရွာပေါင်း ၉၅ ရွာက အရပ်သားပြည်သူ ၇၀,၀၀၀ လောက် အခုအချိန်အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၈ ရက်ကစတင်ပြီး စစ်ကောင်စီက လေကြောင်းကနေ စစ်ကူ ပို့ဆောင်ပေးခဲ့တာကြောင့် မုန်းမြို့တွင်း မြို့ပြင်မှာ ပြန်လည်တပ်စွဲနေပါတယ်။

မုန်းမြို့တွင်းမှာ စစ်ကောင်စီတပ်တွေ ပြန်လည်တပ်စွဲနေတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြန်လည်ဖြစ်ပွားမှာကို  စိုးရိမ်တယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

တိုက်ပွဲနဲ့ စစ်ကောင်စီရဲ့ မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိမှန်သေဆုံးခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း၊ ပြည်သူပိုင် အဆောက်အဦတွေနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက လက်ရှိမှာ မြို့ပေါ်နဲ့ အနီးအနား ကျေးရွာတချို့မှာ  ပြန်လည်တပ်စွဲနေတာကြောင့်  အရပ်သားပြည်သူ ထိမှန်သေဆုံးခဲ့တဲ့  အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ KNU က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်ချိန် မြို့တွင်းကို ပြန်လည်ဝင်ရောက်သွားတဲ့ ဒေသခံပြည်သူတွေ ပိတ်မိနေတယ်လို့  စစ်ရှောင်ပြည်သူတစ်ယောက်က ပြောပါတယ်။

မုန်းမြို့တွင်းနဲ့ မြို့ပြင် တပ်စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၁၂၀ ယောက် သေဆုံးပြီး ၅၀ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒုတပ်ရင်းမှူးအပါအဝင် တပ်မိသားစုဝင်တွေပါ အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ 

KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပေမဲ့ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013