DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း မြို့ ၃ မြို့၏ ၇၀ ရာခိုင်နှုန်းအထိ  TNLA ထိန်းချုပ်ထား
DVB
·
December 12, 2023
နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း မြို့ ၃ မြို့၏ ၇၀ ရာခိုင်နှုန်းအထိ  TNLA ထိန်းချုပ်ထား
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ မိုးကုတ်အကြားက နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း မြို့ ၃ မြို့ရဲ့ ၇၀ ရာခိုင်နှုန်းအထိကို ထိန်းချုပ်ထားနိုင်ပြီလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကပြောလိုက်ပါတယ်။

ကိုးကန့်စစ်ဒေသမှာ တိုက်ပွဲအရှိန်တွေ လျော့ကျလာချိန်မှာပဲ TNLA စစ်ဒေသတွေမှာတော့ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြုလုပ်နေကြောင်း နေ့စဉ်ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ နမ့်ဆန်မြို့နယ်ထဲက “ကောင်းမှုဆိုင်စခန်း”နဲ့ “နမ့်ဆန်ရဲစခန်း” တို့ကို အပြီးသတ်ချေမှုန်းခဲ့ကြောင်း TNLA က ထုတ်ပြန်တာပါ။

ဒီစခန်းသိမ်းတိုက်ပွဲနဲ့အတူပဲ နမ့်ဆန်မြိုရဲ့ ၇၀ ရာခိုင်နှုန်းအထိကို ထိန်းချုပ်နိုင်ခဲ့ပြီး မန်တုံနဲ့ နမ့်ခမ်းမြို့တွေရဲ့ ၇၀ ရာခိုင်နှုန်းဝန်းကျင်ကိုလည်း သိမ်းပိုက်ထားနိုင်ပြီလို့ TNLAက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

TNLA (ပြောခွင့်ရသူ) ရုံးတာဝန်ခံက “မနေ့က ရဲစခန်းမှာ အခြေချတာမျိုးလည်းရှိပါတယ်။ လက်ရှိနမ့်ဆန်ပါ ပါမယ်ဆိုရင် ၃ မြို့ရှိပြီပေါ့နော်။ နမ့်ဆန်၊ မန်တုံ့၊ နမ့်ခမ်း။ မန်တုံဆိုရင် ၈၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက် ရှိပြီပေါ့နော်။ အဓိက လက်ရှိကျန်နေတာက ခလရ ၁၃၀ တပ်စခန်းတစ်ခုပဲ ကျန်တော့တယ်”လို့ ပြောပါတယ်။

နမ့်ဆန်မြို့မှာဆိုရင် မြို့ အဝင်၊ အထွက် စစ်ဆေးတဲ့နေရာမှာရှိတဲ့ တပ်စခန်းကုန်း၊ နမ့်ခမ်းမြို့မှာဆိုရင် စခန်းသစ်ကုန်း တစ်ခုသာကျန်တော့တာကြောင့် ဒီ ၃ မြို့ရဲ့ ၇၀ ရာခိုင်နှုန်းစီကို သိမ်းပိုက်နိုင်ပြီလို့ ပြောလို့ရတယ်လို့လည်း ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ နမ့်ဆန်မြို့နယ်ဘက်ကို မန်တုံ ၁၃၀ တပ်စခန်းကနေ လက်နက်ကြီးနဲ့ ၅ ကြိမ်ပစ်ခတ်ပြီး Y12 လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။

မြို့အခြေအနေတွေကိုသိရဖို့ ဒီဗွီဘီက ဒေသခံတွေကို ဆက်သွယ်ပေမဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက် ခံထားရတာကြောင့် အဆက်အသွယ်မရခဲ့ပါဘူး။

စစ်တပ်ဘက်က ပစ်လို့ နမ့်ဆန်မြို့ပေါ်မှာ မြို့ခံပြည်သူ ထက်ဝက်ကျော်  စစ်ရှောင်နေကြပြီလို့ တအာင်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဗုံးကြဲတဲ့ အခြေအနေတွေတော့ ရှိတယ်။ နမ့်ဆန်မြို့ပေါ်၊ မြို့လယ်က ရပ်ကွက်တွေရော အကုန်လုံး၊ ရွာဘက်တွေရော ပြေးကုန်ပြီပေါ့နော်။ မြို့ထဲမှာတော့ လူဦးရေ အဲဒီလောက် မရှိတော့ဘူး။ နည်းနည်းပါးပါးပဲ ရှိတော့တယ်။ လောလောဆယ် လူဦးရေ အတိအကျ ကျမတို့ မပြောနိုင်ဘူး။ ဒါပေမဲ့ သေချာတာကတော့ ၅ ပုံ ၃ ပုံမှာဆိုရင်တော့ အကုန်လုံး ထွက်ပြေးကုန်ကြပြီ။ ၁ ပုံ၊ ၂ ပုံလောက်ပဲ ကျန်ခဲ့တယ်နော် နမ့်ဆန်မြို့ပေါ်မှာ။”

လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကြောင့် နမ့်ဆန်မြို့က နေအိမ် ၅ လုံးပျက်စီးခဲ့ရပြီး ကွတ်ခိုင်နဲ့ နမ့်ဖက်ကာဘက်တွေမှာလည်း အရပ်သား ထိခိုက်မှုတွေ ရှိနေကြောင်း သူက ပြောပါတယ်။

TNLA ကတော့ နမ့်ဆန်မြို့နယ် ရဲစခန်းကနေ ပစ္စတို ၃ လက်အပါအဝင် သေနတ် ၁၄ နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

နမ့်ဆန်စခန်း သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာပဲ MNDAA ၊ TNLA ၊ AA  ညီနောင်တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ဘက်က ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းအထိ ထုတ်ပြန်တာ မရှိသေးပါဘူး။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013