DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ လှေစီးဒုက္ခသည်  ၃၀၀ ကျော် အင်ဒိုနီးရှားကို  ထပ်ရောက်လာ
DVB
·
December 11, 2023
ရိုဟင်ဂျာ လှေစီးဒုက္ခသည်  ၃၀၀ ကျော် အင်ဒိုနီးရှားကို  ထပ်ရောက်လာ
Donate to DVB

ရိုဟင်ဂျာလှေစီးဒုက္ခသည်  ၃၀၀ ကျော်ကို တင်ဆောင်လာတဲ့ ပျက်စီးယိုယွင်းနေတဲ့လှေတွေ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေစီ   ဒီဇင်ဘာ ၁၀ ရက်က ထပ်မံရောက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာ ၁၈၀ လောက်ပါတဲ့ စက်လှေ တစီးနဲ့   ၁၃၅ ယောက်ပါတဲ့ စက်လှေ တစီးတို့ဟာ ရှေ့ဆင့် နောက်ဆင့် ဆိုသလို ရောက်ရှိလာတာပါ။

သူတို့ စက်လှေတွေ ၇ ရက်လောက် ပင်လယ်ထဲမှာ မျောနေခဲ့ကာ စားစရာနဲ့ရေ ပြတ်သွားတာကြောင့် ကလေးငယ်တွေလည်း နေမကောင်းဖြစ်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည် အဗ္ဗဒူဟာမစ်က ပြောပါတယ်။

"ကျနော်တို့ကို ခေါ်လာတဲ့ပွဲစားက စားစရာ၊ သောက်စရာတွေ မပေးဘဲ ကျနော်တို့ကို ဒီအတိုင်းထားခဲ့တာ ၇ ရက်လောက်ရှိနေပြီ။ ကလေးတွေကဆာပြီးငိုကြ၊ နေမကောင်းတွေ ဖြစ်ကြပေါ့။”

ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ အင်ဒိုနီးရှားအထိရောက်ဖို့ ဘင်္ဂလားဒေ့ရှ်တာကာငွေ  ၃၀နဲ့ မလေးရှား ရင်းဂစ်ငွေ ၁၃၀၀ လောက် ပေးခဲ့ရတယ်လို့လည်း အဗ္ဗဒူဟာမစ်က ပြောပါတယ်။

လှေအများစု ဆိုက်ကပ်တဲ့ အင်ဒိုနီးရှားအနောက်ဘက်စွန်းဒေသဖြစ်တဲ့ အာချေးမှာ ဒေသခံတွေက ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို လက်ခံမထားဘဲ ပြန်မောင်းထုတ်ဖို့ ပြောနေတဲ့ကြားက ရိုဟင်ဂျာတွေ ထပ်မံ ရောက်လာတာပါ။

ရွာခံတွေက ရိုဟင်ဂျာတွေကို ဒီမှာမထားဘဲ တခြားနေရာရွှေ့ပေးဖို့ UNHCR ကို တောင်းဆိုထားကြပြီး အရင်ကလည်း ဒီဒုက္ခသည်တွေဟာ သူတို့ကိုထားထားတဲ့ နေရာကနေ ထွက်ပြီး ပတ်ဝန်းကျင်အသိုက်အဝန်းကို ဒုက္ခပေးခဲ့တဲ့ အတွေ့အကြုံတွေရှိထားလို့ သူတို့က လက်မခံချင်ကြဘူးလို့ ဒေသခံ အင်ဒိုနီးရှား အရာရှိ ဖာရာက ပြောပါတယ်။

ရွာလူကြီး ရီဇလယ်ဖစ်တရီက "ပီဒီခရိုင်ထဲက ကျနော်တို့ရဲ့ ဘလန်းရာယာရွာမှာ ချမှတ်ထားတဲ့ စည်းကမ်းအရ ဒီကလူတွေက ရိုဟင်ဂျာတွေကို လက်မခံဖို့ဆုံးဖြတ်ထားတယ်။ မနေ့ညကဆိုရင်လည်း ကျနော်တို့ ဒီက ကမ်းရိုးတန်းတလျှောက်မှာ အစောင့်တွေချထားတယ်။ အစောင့်တွေကို ပြန်လွှတ်ပြီး ည ၁ နာရီခွဲလောက်လည်း ကျရော ကျနော်တို့မသိလိုက်ဘဲ သူတို့က ဒီမှာ ရောက်နေကြပြီ” လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေ ဒီကနေ ချက်ချင်း ထွက်သွားဖို့ပါပဲ၊ သူတို့ကို UNHCR က လူတွေ ဘယ်ကိုပဲ ခေါ်သွားသွား ဒီမှာရှိမနေတော့ရင် ပြီးတာပါလို့လည်း ရွာလူကြီးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိခိုလှုံလာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးရေဟာလည်း တဖြေးဖြေတိုးလာနေတာကြောင့် သူတို့ဆိုက်ရောက်ခဲ့တဲ့ ပီဒီခရိုင်ကဒေသခံတွေက ရိုဟင်ဂျာတွေကို လက်မခံလိုကြတာဖြစ်ပါတယ်။

ဒေသခံ ဟက်စ်မာဒီကဒါဖီက “၂၀၁၅ ခုနှစ်တုန်းကလည်း သူတို့တွေ ရောက်လာခဲ့ဖူးတယ်။ အဲဒီတုန်းက သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ လက်ခံထားပေးခဲ့တယ်။ အဲဒါကို သူတို့က ကောင်းကောင်းမနေဘဲ သူတို့ကို ထားတဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးပြီး ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းကို ဒုက္ခပေးခဲ့ကြတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေတုန်းကလည်း   ရိုဟင်ဂျာ ၃၅၀ လောက် အင်ဒိုနီးရှားကို ရောက်လာပြီး နိုဝင်ဘာလကတည်းကဆိုရင် ရိုဟင်ဂျာ အယောက် ၁၂၀၀ ဟာ အင်ဒိုနီးရှားကမ်းပေါ် ရောက်လာတယ်လို့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။

UNHCR ကိုယ်စားလှယ် အန်းမေမန်းက“ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဒီကဒေသခံတွေ ဘာကို မကြိုက်ကြတာလဲဆိုတာကို ကျမတို့သေချာ ဆွေးနွေးပြီး အဖြေရှာပါဦးမယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့က လှေတစ်စီးနဲ့ ရိုဟင်ဂျာတွေ ပီဒီကို ရောက်လာကြတော့ သူတို့မလိုလားတာနဲ့ ဘီရွန်း ကိုပို့၊ ဘီရွန်းကလည်း လက်မခံချင်ကြတာကို တွေ့ရတော့ အဲဒီကနေ ဆာဘန်းကို ထပ်ပြောင်းပေးရတယ်။ အရင်ကဆိုရင် အဲဒီလို မနှစ်မျို့တဲ့ လက္ခဏာတွေ မတွေ့ရဘူး။ အဲဒါကြောင့် ဒီက ဒေသခံတွေနဲ့ တွေ့ဆုံ စကားပြောကြည့်ပြီး သူတို့ ဘာကို မကြိုက်ကြတာလဲဆိုတာကို နားလည်အောင် ကြိုးစားကြည့်ချင်တယ်။ ဒီကိစ္စဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး မဟုတ်သေးတာကြောင့် ထိန်းသိမ်းစီမံလို့ ရနိုင်မယ်ထင်ပါတယ်" လို့ ပြောပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း မကြာသေးမီက လှေစီးဝင်ရောက်မှု တိုးမြင့်လာတဲ့ နောက်ကွယ်မှာ လူကုန်ကူးမှုရှိတယ်လို့ သံသယရှိပြီး ဒီပြဿနာကို ဖြေရှင်းဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ကတိပြုခဲ့တယ်လို့လည်း သောကြာနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ နှစ်စဉ် နိုဝင်ဘာလကနေ ဧပြီလအတွင်း ပင်လယ်ပြင်တွေ ငြိမ်သက်လာချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဆီ သစ်သားလှေတွေနဲ့ ထွက်ခွာကြလေ့ ရှိပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013