DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံတွင် နေ့တွက်လုပ်အားခ အနည်းငယ်သာတိုးပေးသဖြင့် ဝေဖန်မှုမြင့်တက် 
DVB
·
December 11, 2023
ထိုင်းနိုင်ငံတွင် နေ့တွက်လုပ်အားခ အနည်းငယ်သာတိုးပေးသဖြင့် ဝေဖန်မှုမြင့်တက် 
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်သမားတွေရဲ့ နေ့တွက် လုပ်အားခကို ဒေသတွင်း လူမှုစီးပွားရေး အခြေအနေပေါ် မူတည်ပြီး အနည်းဆုံး  ၂ ဘတ်မှ အများဆုံး ၁၆ ဘတ်ထိ တိုးမြှင့်ပေးဖို့   လုပ်ငန်းရှင်၊ အစိုးရနဲ့ အလုပ်သမားကိုယ်စားလှယ်တွေပါတဲ့ သုံးပွင့်ဆိုင်ကော်မတီအဖွဲ့က ပြီးခဲ့တဲ့ သောကြာနေ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

အဆိုပါဆုံးဖြတ်ချက်အရ ဖူးကက်ခရိုင်မှာ မူလ ၃၅၄ ဘတ်ကနေ ၃၇၀ ဘတ်ထိ အများဆုံး တိုးမြှင့်ပြီး ဒုတိယအများဆုံးမှာ ဘန်ကောက်၊ နခွန်းပထုန် ၊ နွန်ထပူရီ၊ ပထုန်ဌာနီ၊ စမွတ်ပရကန်နဲ့ စမွတ်စခွန်း စတဲ့ ၆ ခရိုင်မှာ  တနေ့တာလုပ်အားခ  ၃၆၃ ဘတ် တိုးမယ်လို့ ဆိုပါတယ်။ 

မြန်မာလုပ်သားအများစုရှိရာ တာ့ခ်ခရိုင် အပါအဝင် ကန်ကျနပူရီ၊ ကျန်ထပူရီ၊ ချင်းရိုင်း၊ နခွန်းဖနုံ၊ ဖန်င၊ ပရကျုပ်ခီရီခန်၊ စူရတ်ဌာနီ၊ ဆုန်ခလာ၊ ဘူရီရမ်၊ ဗိစနုလုတ်၊ မုဒ်တာဟန်၊ စကွန်နခွန်း၊ ဆာကယောက် စတဲ့ခရိုင်တွေမှာ တနေ့လျှင်  ၃၄၅ ဘတ်၊ ချင်းမိုင်၊ အယုဒ္ဓယ၊ ချချိန်းဆောင်း၊ ခွန်ကဲင်၊ ပရာကျင်းပူရီ၊  ဆရပူရီ စတဲ့ခရိုင်မှာတော့ တနေ့ကို ၃၅၀ ဘတ် တိုးပေးမယ်လို့ ဆိုပါတယ်။

၇၇ ခရိုင်လုံးအနေနဲ့ ကြည့်မယ်ဆိုရင် နေ့တွက်ပျှမ်းမျှလုပ်အားခ ၃၄၅ ဘတ်ရှိပြီး လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အကျုံးဝင်နိုင်မယ်လို့  သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

အဆိုပါ ၇၇ ခရိုင်ထဲမှာ ထိုင်းတောင်ပိုင်း နာရာသီဝပ်၊ ပတ္တနီနဲ့ ယာ့လား ၃ ခရိုင်မှာ မူလနေ့တွက် ၃၂၈ ဘတ်မှ ၃၀၀ ထိ ၂  ဘတ်သာ တိုးပေးတဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

အာဏာရဖွေ့ထိုင်းပါတီအစိုးရက မဲဆွယ်စဉ်ကာလမှာ နေ့တွက်လုပ်အားခ တနေ့ ဘတ် ၆၀၀ ထိ ရရမယ်လို့ ပြောထားပြီး တကယ်တမ်းအာဏာရလာတော့ စီးပွား‌ရေးအခြေအနေအရ ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးမယ်လို့  ပြောခဲ့ပါတယ်။ 

ဒါပေမဲ့ သုံးပွင့်ဆိုင်အစည်းအဝေးက လုပ်အားခတိုးမြှင့်နှုန်း လွန်စွာနည်းလွန်းတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က သတင်းထောက်တွေကို ပြောပါတယ်။ 

ဝန်ကြီးချုပ်အနေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဝင်ရောက်စွက်ဖက်လို့ မရကြောင်း၊ ဒါပေမဲ့ နေ့တွက်လုပ်အားခ အနည်းငယ်သာ တိုးမြှင့်တာကြောင့် စိတ်မသက်သာကြောင်း၊  ထိုင်းတောင်ပိုင်းမှာ လုပ်အားခ ၂ ဘတ်ပဲ တိုးပေးတာဟာ ကြက်ဥတစ်လုံးလောက်တောင် တန်ဖိုး မရှိဘူး။  ကုန်ဈေးနှုန်းတွေလည်း တက်နေတယ်၊  အလုပ်သမားတွေပေါ် ကိုယ်ချင်းစာကြည့်ပါ၊ အစိုးရအနေနဲ့ ပြည်သူလူထုသက်သာအောင် စိုက်ပျိုးစရိတ်ချေးငွေတွေ ကင်းလွတ်ပေးတယ်၊ ရေဖိုး၊ မီးဖိုးတွေ လျှော့ပေးတယ်။ စက်ရုံ အလုပ်ရုံတွေအနေနဲ့ ရေဖိုး မီးဖိုး အတော်သက်သာသွားတယ်။ အဲဒါကြောင့် အလုပ်သမားတွေရဲ့ လုပ်အားခတိုးဖို့လည်း ပြန်ပြီး သုံးသပ်ဆွေးနွေးစေချင်ပါတယ်။ ဘတ် ၄၀၀ အထိတိုးမြှင့်ပေးဖို့ အကြံပြုပါတယ်”လို့ ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း “နှစ်သစ်အတွက်တော့ သတင်းကောင်းပါပဲ၊ ဒါပေမဲ့ မဆိုစလောက်ကလေး တက်တာဆိုတော့ အလုပ်သမားတွေအတွက် အပြည့်အဝ မပျော်ရွှင်နိုင်ဘဲ ဆန့်တငင်ငင်ဖြစ်စေတယ်၊ မူလက ၄၀၀ ဘတ်ထိတိုးပေမယ်လို့ ဆိုတာကိုး။ အခုတော့ ၂ ဘတ်ကနေ ၁၆ ဘတ်ပဲ တိုးတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးပေါ့။ ထိုင်းဝန်ကြီးချုပ်ကတောင် မကျေနပ်ဘူးဆိုတော့ တစုံတရာပြန်ပြီးပြောင်းလဲမှုရှိဦးမယ်လို့ မျှော်လင့်ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

Source: Thai post/ Post Today

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013