DVB Logo
Home
မြန်မာသတင်း
ခါမ်းပါတ်မြို့ကို ပြန်သိမ်းနိုင်ရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေ 
DVB
·
December 11, 2023
ခါမ်းပါတ်မြို့ကို ပြန်သိမ်းနိုင်ရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေ 
Donate to DVB

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့  စစ်ကောင်စီတပ်တွေက ကြိုးပမ်းနေတာကြောင့် မြို့အနီးအနား ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ 

ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ကလေး-မော်လိုက်ဘက်ကလာတဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခါမ်းပါတ်မြို့ကို ပြန်သိမ်းဖို့ ပြောက်ကျားဗျူဟာသုံးပြီး ချဉ်းကပ်လာတာလို့ တမူးပအဖက ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက်ကစပြီး  ခါမ်းပါတ်မြို့နားကိုကပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့  PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေသလို   အင်တာနက်နဲ့ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခဲ့ပါတယ်။ 

ဒီဇင်ဘာ ၁၀ ရက်မှာတော့  အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းကို PDF တွေက ထပ်မံ သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီကလည်း  PDF စခန်းတွေကို ရှာဖွေတိုက်ခိုက်နေတယ်လို့ တမူးပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ခါမ်းပါတ်နဲ့ ဝိတုတ်ဘက်လောက်မှာ တိုက်ပွဲဖြစ်နေတယ်။ ကျမအထင်ပြောရရင် ဇော်မဲလုံးရဲ့ ဆိုက်ဝါးပဲ ဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ခါမ်းပါတ်ကို မတိုက်ခင် မြို့ကို ခြိမ်းခြောက်နေကတည်းက မြို့ကိုမဝင်ခင်ကတည်းက သူတို့ဝင်ပြီဆိုတဲ့ပုံစံမျိုး မြို့ကို ထိန်းထားနိုင်ပြီဆိုတဲ့ ပုံစံမျိုးခဏခဏသတင်းလွှင့်နေတာ။ အောင်ဇေယျစခန်းပေါ့ တမူးနဲ့ ဟုမ္မလင်းကြားက တမူးအထက်ပိုင်းမှာ အကြီးဆုံးစခန်းပေါ့။ မနေ့ကရတာ။ မနေ့ ညက PDF စခန်းကုန်းကို စစ်ကောင်စီဘက်ကဝင်ပြီးတော့မှ သိမ်းဖို့ကြိုးစားကြတယ်ပေါ့။ ဒါပေမဲ့ PDF တပ်ဖွဲ့ဝင်တွေက အကုန်လုံးဖျက်သိမ်းထားပြီးသားဖြစ်နေတော့ သူတို့ရသွားခဲ့တယ်ဆိုရင်လည်း အခွံပဲ ဖြစ်နေမှာပေါ့။”

ဒီဇင်ဘာ ၂ ရက်က တမူးမြို့အနီးက ထန်းတပင်ရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့တာကြောင့် အိမ်ခြေ ၃၀၀ ကျော်မှာ ၂၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ အခြေချထားတဲ့ ပန်းသာရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို ဒီဇင်ဘာ ၇ ရက်မှာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ တုန်းကျော်ရွာကို ဝင်ရောက်မီးရှို့တာကြောင့် ရွာသားတွေဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

စစ်ကောင်စီက ခါမ်ပါတ်မြို့နားကို ပြန်ကပ်လာတာဟာ မြို့ကို ပြန်သိမ်းချင်တာဖြစ်နိုင်သလို တမူးမြို့ တိုက်ပွဲအရှိန်ကျအောင် PDF တွေရဲ့ စုဖွဲ့မှုကို ခွဲထုတ်ချင်တဲ့ သဘောမျိုးလည်းရှိတယ်လို့ တမူးပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ခါမ်းပါတ်တမြို့လုံး စစ်ရှောင်နေကြရတာပေါ့။ တိုက်ပွဲမဖြစ်ခင်ကတည်းက ရှောင်နေရတာ အခုလို တိုက်ပွဲဖြစ်ပြီဆိုတော့ မြို့ထဲကို ပြန်ဝင်လာလို့မရသေးဘူးပေါ့။ မနေ့က ပေါင် ၅၀၀ ဗုံးနဲ့ချသွားတာ။ ခါမ်းပါတ်နဲ့ ကညံကြားက ချောင်းထဲမှာတွေ၊ ခါမ်းပါတ် အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်ဘက်တွေကို ဗုံးချသွားတာဆိုတော့ ပြည်သူတွေတော့ မြို့ထဲကိုပြန်ဝင်ဖို့ အဆင်မပြေသေးဘူး။ အောင်ဇေယျနဲ့ တုန်းကျော်က တဆက်တည်းလိုဖြစ်တဲ့ ရွာတွေပေါ့။ တမူးအထက်ပိုင်းရွာတွေပေါ့။ စခန်းသိမ်းတဲ့ တိုက်ပွဲတွေမှာတော့ တချို့ဒေသခံတွေရဲ့ နေအိမ်တွေ၊ တချို့ဒေသခံတွေ ထိခိုက်ကျဆုံးတာတော့ရှိတယ်။”

စစ်ကိုင်း၊ ချင်း၊ မကွေးနယ်စပ် ပုံတောင်-ပုံညာတောင်ကြောမှာရှိတဲ့ ယောနယ်က စစ်ကောင်စီစခန်းတွေကို သိမ်းယူဖို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၊ CDF နဲ့ PDF တွေက ဒီဇင်ဘာလ ဆန်းကစပြီး ပူးပေါင်းတိုက်ခိုက်နေပါတယ်။

စစ်ကောင်စီက တိုက်ပွဲတွေကို ချဉ်းကပ်တဲ့ပုံစံနဲ့ ဗျူဟာတွေပြောင်းနေပြီး ယောနယ်က စခန်းတွေ ကို လက်မလွှတ်ရဖို့ နည်းလမ်းပေါင်းစုံသုံးနေတယ်လို့ မင်းတပ်ပအဖတာဝန်ရှိသူက ပြောပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ အောင်မြင်မှုနည်းနာတွေ၊ ဗျူဟာပိုင်းနဲ့ ကြိုတင်ပြင်ဆင်ပုံတွေကို သေသေချာချာလေ့လာပြီး စစ်ကောင်စီရဲ့ ဗျူဟာအပြောင်းအလဲကို ထိန်းဖို့ ကြိုးစားရလိမ့်မယ်လို့ မင်းတပ်ပအဖတာဝန်ရှိသူ ကိုရောမန်က  ပြောပါတယ်။

“ယောနယ်ထဲမှာ ဖြစ်တယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့တွေ CDF တွေနဲ့ ပူးပေါင်းပြီးမှ တိုက်ကြတယ်ပေါ့။ အဲဒီလောက်ပဲ ပြောလို့ရဦးမယ်။ သူတို့က ရက်ပိုင်းအတွင်း အင်အားတွေ ပြန်ဖြည့်ထားတယ်။ စခန်းကလည်း အခိုင်အမာလုပ်ထားတယ်။ စစ်သား ရဲသားတွေ အင်အားပြန်ဖြည့်ထားတယ်။ သူတို့မြေပြင်က စစ်ကူတွေ တောက်လျှောက်လာတယ်။ လေကြောင်းကနေ တောက်လျှောက်ဗုံးကြဲတာတွေပေါ့။ MI 35 တွေပေါ့လေ။ ပစ်ခတ်တာပေါ့။ တနေ့ကို ၂ ကြိမ် ၃ ကြိမ်လောက် တပတ်ကျော်ကျော်လောက် ရှိပြီပေါ့။ လာပစ်ခတ်နေတယ်ပေါ့လေ။”

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကိုင်းတိုင်းထဲက PDF တွေက တိုက်ပွဲဝင်ခဲ့တာကြောင့် နိုဝင်ဘာလထဲမှာ ကောလင်း၊ ခါမ်းပါတ်နဲ့ ရွှေပြည်အေးမြို့တွေကို သိမ်းယူနိုင်ခဲ့တာပါ။

စစ်ကိုင်းတိုင်းထဲက မြို့တွေအသိမ်းခံရပြီး တလဝန်းကျင်အကြာမှာတော့ စစ်ကောင်စီက မြို့တွေကို ပြန်လည်ရယူဖို့ ပြောက်ကျားစနစ်ကိုသုံးပြီး ပြန်လည်ချဉ်းကပ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013