
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂ ရက် မနက် ၁၂ နာရီ ၅၁ မိနစ်မှာ ဂျက်တိုက်လေယာဉ် တစင်းနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၂ ယောက်နဲ့ ကျေးရွာသားတယောက် ဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်ရှိ အောင်ဖြူပြင်ကျေးရွာ ဘူတာရုံ စစ်ဘေးရှောင်စခန်းအနီးကို စစ်အာဏာရှင်တပ်က ညအချိန်မှာ အမှောင်ထုကို အကာအကွယ်ယူပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အောင်ဖြူပြင်ကျေးရွာသား အမျိုးသားတယောက်က ပြောပါတယ်။
“ဘူတာအနီး စစ်ရှောင်တွေ နေထိုင်ကြတဲ့ နေရာကို ညသန်းခေါင်အချိန် အမှောင်ထုကို အကာအကွယ်ယူပြီး ဗုံးကြဲတိုက်ခိုက်သွားတာ။ သေဆုံးတာတော့ မရှိဘူး။ စစ်ဘေးရှောင် အမျိုးသားတဦး၊ အမျိုးသမီးတဦးနဲ့ ရွာသား လူငယ်တဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ စစ်ရှောင်အိမ်တွေနဲ့ အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးသွားတယ်။ မနေ့ညက ကျောက်ဆိပ်ကို ဗုံးကြဲပြီးလို့ လူတွေ ထိတ်လန့်နေတုန်းမှာပဲ ညနေ ကိုယ့်ရွာ လာချသွားတော့ အသက်တချောင်း ရှင်သန်ကြဖို့ ဘယ်မှာသွားနေရတော့မယ်မှန်းတောင် မရှိတော့ဘူး။ လေယာဉ်သံ ကြားရင်ကို ပြည်သူတွေက လန့်နေကြပြီ။”
ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ထိခိုက်ဒဏ်ရာ ရရှိသွားသူတွေကတော့ စစ်ဘေးရှောင်တွေဖြစ်တဲ့ ဒေါ်ခင်ဝေစိုး (၃၀ နှစ်)၊ ကိုကျော်မိုးလွင် (၁၈ နှစ်) နဲ့ ကျေးရွာသား ကိုအောင်မင်း (၁၇ နှစ်) တို့ ဖြစ်ပြီး ဆေးကုသမှု ခံယူနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် မတ်လကလည်း အောင်ဖြူပြင်ကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်တွေကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၅ ယောက် သေဆုံးပြီး ၁၀ ယောက် နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက် ညကလည်း အောင်ဖြူပြင်နဲ့ နှစ်ရွာသာခြားတဲ့ ကျောက်ဆိပ်ကျေးရွာက စစ်ရှောင်တွေ ခိုလှုံနေကြတဲ့ ဝန်ထမ်းအိမ်ရာကို စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၂ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းကလည်း ကျောက်တော်မြို့ သကြားစက်အနီး၊ သံတွဲမြို့ အမှတ် ၆ ရပ်ကွက်နဲ့ ကျောက်ဖြူမြို့နယ် စနဲမြို့အနီးကို စစ်တပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ သံတွဲမြို့နယ်မှာ အရပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး ကျောက်တော်မြို့ သကြားစက်အနီးက ဘုန်းကြီးကျောင်းတဆောင်နဲ့ စိုက်ခင်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်အာဏာရှင်တပ်က စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား အယောက် ၅၀ သေဆုံးပြီး ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ကုလသမဂ္ဂ ၊ EU ၊ UK နဲ့ တိုင်ရင်းသားအင်အားစုတွေက ပြင်းထန်စွာ ကန့်ကွတ် ရှုတ်ချတာ၊ စစ်ပွဲဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ တောင်းဆိုနေတဲ့ကြားက စစ်အာဏာရှင်တပ်ဟာ ပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကျောက်တော်ဗုံးကြဲမှု ဖြစ်စဉ် နောက်ပိုင်းမှာလည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနီ(ပေါက်တော)၊ ကျောက်တော်နဲ့ သံတွဲမြို့တို့ရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဂျက်တိုက်လေယာဉ် အုပ်စုလိုက်နဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်တာတွေကို ဆက်လုပ်နေဆဲလို့ အောက်တိုဘာ ၁ ရက်မှာ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်တွေကလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူတချို့ ထပ်မံသေဆုံး ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း၊ လူနေအိမ်တချို့ ထပ်မံပျက်စီးခဲ့ရတယ်လို့ AA က ပြောထားပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာဟာ အမုန်းတရားတွေနဲ့ တိုက်ခိုက်လာတဲ့ ပုံစံမျိုး ဖြစ်လာနေပြီလို့ ကျောက်တော်မြို့ခံ အမျိုးသား တယောက်က ပြောပါတယ်။
“စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်လာတာဟာ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှုထက် အရပ်သားတွေ ကိုပဲ ပစ်မှတ်ထား တိုက်ခိုက်လာတာ ဆက်တိုက်တွေ့လာနေရတယ်။ ဒီဟာက စစ်ပွဲတခုမှာ စစ်ရေးအရ လိုအပ်လို့ တိုက်ခိုက်တာမျိုး မဟုတ်တော့ဘူး။ လူမျိုးတခုလုံးကို အမုန်းတရားနဲ့ နာဇီတွေ လူသတ်ခဲ့သလို သတ်ဖြတ်လာနေတာ ဖြစ်တယ်။ စစ်အာဏာရှင်စနစ် မကျရှုံးသရွေ့ မြန်မာပြည်သူတွေရဲ့ အသက်တွေဟာ တန်ဖိုး နည်းနေဦးမှာပဲ။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့ရဲ့ ထိုးစစ်တွေ အထမမြောက်ဘဲ စစ်ဦးကျိုး နေတာကြောင့် စစ်ရေးပစ်မှတ်တွေထက် အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးနိုင်ဖို့ ဆက်တိုက်ကြိုးပမ်းလာနေလို့ ပြည်သူ ထိခိုက်သေဆုံးမှုတွေဟာလည်း ဆက်တိုက် မြင့်တက်လာနေပါတယ်။










