DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှု လက်မလျှော့ဟု  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
DVB
·
December 11, 2023
ဂါဇာ အပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှု လက်မလျှော့ဟု  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော
Donate to DVB

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးအတွက် သူ့ရဲ့ကြိုးပမ်းမှုကို လက်လျှော့မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီဇင်ဘာ ၁၀ ရက်က ကာတာနိုင်ငံ ဒိုဟာဖိုရမ်ဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ ထိတ်လန့်တုန်လှုပ်စရာ တိုက်ခိုက်မှုတွေဖြစ်အပြီး အစ္စရေးတို့က ဂါဇာကမ်းမြောင်ကို မဆုတ်မနစ် လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်ပြီးနောက်မှာ လုံခြုံရေးကောင်စီက နှုတ်ဆိတ်နေခဲ့ပြီးတော့ အချိန် ၁ လလောက် ကျော်လာတော့မှ ကောင်စီက အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပေမဲ့ ဒီလို ကြန့်ကြာနေမှုတွေကြောင့် ပေးဆပ်ရတဲ့တန်ဖိုးတွေ မနည်းလှဘူးလို့လည်း ဂူတားရက်စ်က ပြောပါတယ်။

ကောင်စီရဲ့ အခွင့်အာဏာနဲ့ ယုံကြည်ကိုးစားမှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပြီး ဆုံးဖြတ်ချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသတလျှောက် လူသားချင်းစာနာ ထောက်ထားမှုစနစ် ပြိုကျတော့မယ့် အန္တရာယ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး ပါလက်စတိုင်းတွေအားလုံးအတွက်ရော ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက်ပါ နောက်ပြန်ဆုတ်လို့ မရနိုင်တော့တဲ့ ဂယက်ရိုက်ခတ်မှုတွေနဲ့ အခြေအနေက ကပ်ဆိုးကြီးတခုအဖြစ်ကို မြန်မြန်ဆန်ဆန် ဆိုးရွားလာနေပါတယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်ကပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ကြေညာနိုင်ဖို့ကို လုံခြုံရေးကောင်စီမှာ မအောင်မြင်ခဲ့ပေမဲ့ လက်လျှော့သွားမှာ မဟုတ်ဘဲ ထပ်ပြီး မေတ္တာရပ်ခံဦးမယ်လို့ ပြောသွားပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ကုလ လုံခြုံ‌ရေးကောင်စီ မဲခွဲဆုံးဖြတ်ချက် အပေါ် အမေရိကန်ရဲ့ ဗီတိုအာဏာသုံးမှုကို ကြိုဆိုကြောင်း ဒီဇင်ဘာ ၉ ရက်ကထုတ်ဖော်ပြောကြားခဲ့တာပါ။

အစ္စရေးဟာ ဟားမတ်စ်တွေကို ချေမှုန်းဖို့ တရားမျှတတဲ့ စစ်ပွဲကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း နေတန်ယာဟုက ပြောသွားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013