DVB Logo
Home
မြန်မာသတင်း
ယခုနှစ်အတွင်း အထည်ချုပ်စက်ရုံ ၂၀ ထက်မနည်း ပိတ်သိမ်းရန်ရှိနေ
ဇွဲသစ်
·
October 11, 2026
Photo: DVB
Photo: DVB
Donate to DVB

ဒီနှစ်အတွင်း ပြည်တွင်းက အထည်ချုပ်စက်ရုံ ၂၀ ထက်မနည်း ပိတ်သိမ်းဖို့ရှိတယ်လို့ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။ 

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က တရုတ်နိုင်ငံသားပိုင် Teng Hui Myanmar (ထိန်ဟွေ့ မြန်မာ) အထည်ချုပ်စက်ရုံဟာ အောက်တိုဘာလဆန်းပိုင်းမှာ လုံးဝပိတ်သိမ်းလိုက်ပြီလို့ အဲဒီရုံမှာ အလုပ်လုပ်နေတဲ့ အထည်ချုပ်အလုပ်သမားတွေဆီက သိရပါတယ်။

နိုင်ငံတကာအမှတ်တံဆိပ် H&M အတွက် အဓိကချုပ်ပေးနေတဲ့ အဲဒီစက်ရုံဟာ ပြည်ပက အထည်အော်ဒါတွေ လျော့နည်းလာတာကြောင့် ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် Sunrise အထည်ချုပ်စက်ရုံလည်း မကြာခင် ပိတ်သိမ်းတော့မယ်လို့ ကြေညာထားပါတယ်။ 

MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် က “အထည်ချုပ်စက်ရုံပေါင်း ၂၀ ကျော် ပိတ်သိမ်းမယ်ဆိုတဲ့သတင်းလည်း ကျနော်တို့ ကြားနေတယ်။ အခုပဲ ရွှေပြည်သာစက်မှုဇုန်က အထည်ချုပ်ရုံတရုံ ပိတ်တယ်လို့ ကျနော်တို့ သတင်းရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့အဖွဲ့ချုပ်က ကူညီဆောင်ရွက်ပေးနေတာ ရှိတယ်။ စက်ရုံ ပိတ်သိမ်းမှုရဲ့ နောက်ဆက်တွဲအခြေအနေက တော်တော်လေးဆိုးဆိုးဝါဝါး ဖြစ်လာဦးမယ်လို့ ကျနော်တို့ ယူဆရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စက်ရုံတွေ ပိတ်သိမ်းလာတဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံတကာအမှတ်တံဆိပ်တွေဆီက အထည်အော်ဒါလျော့နည်းတာအပြင် လျှပ်စစ်မီး မလုံလောက်တာ၊ စက်သုံးဆီဈေး မြင့်တက်တာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာအမှတ်တံဆိပ်တွေ ထွက်ခွာတာကြောင့်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ 

အလုပ်သမား ၃,၀၀၀ နီးပါး အလုပ်လုပ်ကိုင်ခဲ့တဲ့ ထိန်ဟွေ့ မြန်မာ အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုမှာတော့ အလုပ်သမားတွေဟာ အလုပ်အကိုင်အသစ် ရှာဖွေရတဲ့အပြင် နစ်နာကြေး ရရှိရေးကိုလည်း စောင့်ဆိုင်းနေရပါတယ်။ 

အဲဒီစက်ရုံရဲ့ အလုပ်သမ တယောက်က “နစ်နာကြေးက လုပ်သက်အလိုက်ပေးတာပါရှင့်။ လုပ်သက် ၆ လအထက် ရှိသူတွေနဲ့ လုပ်သက် ၁၀ နှစ်အထက် ရှိသူတွေ ဒီအလုပ်သမားတွေအတွက် လုပ်သက်အလိုက် နစ်နာကြေး ပေးရတာပါရှင့်။ လုပ်အားခအနေနဲ့ကတော့ ဒေးကြေးက တရက်ကို ၄,၈၀၀ ကျပ်၊ အပို ထောက်ပံ့ကြေးက စက်ရုံဘက်က ၃,၀၀၀ ကျပ်၊ အစိုးရထောက်ပံ့ကြေးက ၃,၀၀၀ ကျပ်နဲ့ဆိုရင် ဒေးကြေးက တရက်ကို ၁၀,၈၀၀ ကျပ် ရတယ်။ ဒေးကြေး ၄,၈၀၀ နဲ့ သီးခြား သီးသန့် စက်ရုံထောက်ပံ့ကြေး ၃,၀၀၀ နဲ့ အစိုးရထောက်ပံ့ကြေး ၃,၀၀၀ နဲ့ဆိုရင် စုစုပေါင်း ၁၀,၈၀၀ ပါရှင့်” လို့ ပြောပါတယ်။

အလုပ်သမားတွေကို နစ်နာကြေးပေးဖို့နဲ့ တခြားစက်ရုံတွေမှာ အလုပ်ပြန်ရရှိရေးကို စစ်တပ်ဩဇာခံ အလုပ်သမားဝန်ကြီးဌာနက ချိတ်ဆက်ပေးတယ်လို့သိရပေမဲ့ အလုပ်သမား အားလုံးအတွက် ရေရှည်အလုပ်အကိုင် အဆင်ပြေစေဖို့ကတော့ မသေချာသေးပါဘူး။

စက်ရုံပိတ်သိမ်းမှုကြောင့် နစ်နာကြေးရရှိရေးကိုကူညီပေးနိုင်ပေမဲ့ အလုပ်သမားတွေကို တခြားစက်ရုံတွေမှာ အလုပ်ပြန်ရှာပေးမယ်လို့ ပြောဆိုပေမဲ့ လက်တွေ့မှာတော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဦးရေနဲ့ ရနိုင်တဲ့အလုပ်က မလောက်ငှပါဘူး။ 

ဒါ့ပြင် လူမှုဖူလုံရေး ထည့်သွင်းထားတဲ့ အလုပ်သမားတွေကိုလည်း အလုပ်လက်မဲ့ အာမခံကြေးပေးဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ 

ဦးသက်နှင်းအောင် က “ကျနော်တို့ဘက်ကလည်း ကူညီနိုင်တာက အတိုင်းအတာတခုအထိ ရှိတယ်။ ဥပမာအားဖြင့် စက်ရုံပိတ်သိမ်းပြီဆိုတာနဲ့ အလုပ်သမားတွေကို ဥပဒေနဲ့အညီ စက်ရုံပိတ်တဲ့နစ်နာကြေးရဖို့အတွက် အဓိကကူညီဆောင်ရွက်ပေးတာမျိုးကိုပဲ ကျနော်တို့ လုပ်နိုင်တာဖြစ်တယ်။ ဒီ စက်ရုံပိတ်သွားတဲ့ အလုပ်သမားတွေကို အလုပ်သမားဝန်ကြီးဌာနက ချိတ်ဆက်ပြီးတော့ အခြားသောစက်ရုံတွေမှာ အလုပ်ရရှိရေး ကူညီဆောင်ရွက်ပေးနေတယ် ဆိုတဲ့ သတင်းတွေ တက်လာပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ဒါ နှစ်သိမ့်တဲ့သဘောလို့ပဲ ကျနော်တို့ မြင်တယ်။ ဥပမာ- လှိုင်သာယာမှာ ပိတ်သွားတဲ့စက်ရုံက အလုပ်သမားတွေကို ရွှေပြည်သာမှာ အလုပ်ပြန်ရှာပေးတယ် ဆိုတာမျိုးပေါ့။ ဒါက ဘယ်လိုလုပ်ပြီးတော အလုပ်သမားတွေအတွက် အဆင်ပြေပါ့မလဲဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် လူမှုဖူလုံရေး ထည့်သွင်းထားတဲ့ အလုပ်သမားတွေကိုလည်း ကျနော်တို့က စနစ်တကျနဲ့ အလုပ်လက်မဲ့ အာမခံကြေးတွေ ပေးဖို့အတွက် စီစဉ်ပေးရမှာပါ” လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ်အတွင်း အလုပ်သမား ထောင်နဲ့ချီရှိတဲ့ အထည်ချုပ်စက်ရုံကြီးတွေထဲက ထိန်ဟွေ့-မြန်မာ စက်ရုံ၊ Eternal Fashion အထည်ချုပ်စက်ရုံနဲ့ Kingsrich အထည်ချုပ်ရုံတို့ ဆက်တိုက်ပိတ်သိမ်းခဲ့ပြီး ဒီနှစ်အတွင်း ရန်ကုန်တိုင်းက နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံ ၂၀ ထက်မနည်း ပိတ်သိမ်းနိုင်ခြေရှိတယ်လို့ အလုပ်သမားအရေး ကူညီသူတွေက ခန့်မှန်းပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013