DVB Logo
Home
မြန်မာသတင်း
မြေသြဇာနှင့် စက်သုံးဆီဈေးမြင့်တက်နေသဖြင့်  ဧရာဝတီတိုင်း၌ဆောင်းသီးနှံ လျှော့ချစိုက်ပျိုး
DVB
·
December 10, 2023
မြေသြဇာနှင့် စက်သုံးဆီဈေးမြင့်တက်နေသဖြင့်  ဧရာဝတီတိုင်း၌ဆောင်းသီးနှံ လျှော့ချစိုက်ပျိုး
Donate to DVB

ဧရာဝတီတိုင်းမှာ အခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးသွင်းအားစုတွေ အဆမတန် ဈေးမြင့်တက်နေလို့  အသီးအနှံတွေလျှော့ချစိုက်ပျိုးနေကြတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

မြေသြဇာနဲ့ စက်သုံးဆီဈေးတွေ အဆမတန် မြင့်တက်လာပြီး သွင်းအားစု ကုန်ကျစရိတ်တွေ မြင့်လာလို့ တောင်သူတွေဟာ ဆောင်းသီးနှံကို လယ် ၁၀ ဧကရှိပါက ၄ ဧကလောက်သာ စိုက်ပျိုးနေ တယ်လို့ သိရပါတယ်။ 

ဧရာဝတီတိုင်းက တောင်သူ တဦးက “ပုံမှန်ထက် တော်တော်ကို တက်နေတာ။ အနည်းအငယ် သုံး တဲ့ သူတွေအတွက်တော့ ကိစ္စမရှိဘူး။ အများကြီးသုံးရတဲ့ တောင်သူတွေအတွက် အတော့်ကို ခက်ခဲနေတယ်။ အရင်က ဆီတပေပါ ၅၀ ဂါလံကို ငွေကျပ် ၁ သိန်းခွဲပဲ ရှိတာ။ အခု ၁၀ သိန်းခွဲကျော်နေပြီ။ မြေဩဇာ ဈေးနှုန်းတွေ ကလည်း အရင်က တအိတ် ၃၀၀၀၀ ကျော်ပဲရှိတာ၊ အခုနှစ် တအိတ်ကိုငွေကျပ် ၁၃၀၀၀၀ အထိမြင့်လာတယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာလို့ အခုလိုဘဲ ဧကတွေ လျှော့ချ စိုက်ဆုံးဖြတ်စိုက်ပျိုးရတာ”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသတချို့မှာ တောင်သူတွေဟာ အရင်နှစ် သီးနှံစိုက်ပျိုးတဲ့ရာသီက နယ်မြေ မတည်ငြိမ်မှုကြောင့် ဘေးလွတ်ရာထွက်ပြေးခဲ့ရတဲ့အပြင် စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းခွင့်မရခဲ့ဖြစ်ကာ အရှုံးပေါ်လို့ ဒီနှစ်စိုက်ပျိုးဖို့ စိုက်ပျိုးစရိတ် ပြန်မသုံးနိုင်ဖြစ်နေတာလို့ သိရပါတယ်။

ကြံခင်းမြို့နယ်က တောင်သူတယောက်က “'ဒီနှစ်လည်း နယ်မြေမတည်ငြိမ်မှုတွေ ဆက်ရှိ နေတယ်။ ဒီဘက်ဒေသမှာက စိုက်ပျိုးမှု ဧကတွေ လျော့နေတယ်။ နည်းနည်း ငြိမ်တဲ့ ရွာတွေဘက် မှာတော့ စိုက်ကြတာတွေ့ရတယ်။ ဒါတောင် အရင်လို အများကြီး မဟုတ်ဘူး။ ကျမတို့ ကိုယ်တိုင်လည်း မနှစ်က စိုက်ခဲ့တဲ့ သီးနှံတွေပြန် မရိတ်သိမ်းနိုင်ခဲ့တာကြောင့် ဒီနှစ်အရင်းထည့်ဖို့ မရှိ ဖြစ်နေတာ။ မရှိတဲ့အတူတော့ မတတ်နိုင်ဘူး။ ကိုယ်စားဖို့လောက်ပဲ စိုက်တော့မှာ”လို့ ပြောပါတယ်။ 

အခုလို စိုက်ပျိုးရေးသွင်းအားစုတွေ အဆမတန်ဈေးတက်နေတာဟာ နိုင်ငံရေး အကျပ်အတည်း တွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေဖြစ်ပြီး ပုံမှန်ကို ပြန်မရောက်တဲ့ အချိန်အထိ ကုန်ဈေးနှုန်း တွေက တက်နေဖို့သာ ရှိတယ်လို့  စိုက်ပျိုးရေးပစ္စည်းတွေတင်သွင်းရောင်းချနေတဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပါတယ်။

''အခုက အကုန်ကျပ်တည်းနေတာ။ ဒီအခြေအနေတိုင်းဆို မလွယ်တော့ဘူး။ အရောင်းအဝယ်တွေ လည်း မကောင်းဘူး။” 

ဧရာဝတီတိုင်းက တောင်သူတွေဟာ ဆောင်းသီးနှံကို စပါးအပြင် မြေပဲ၊ ငရုတ်၊ နှမ်း၊ ဖူးစားပြောင်း ၊ ဟင်းသီးဟင်းရွက်၊ အစေ့ ထုတ်ပြောင်းနဲ့ အခြားသီးနှံတွေကို စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ်စိုက်ပျိုးစရိတ်တွေလုံးဝ မရှိတဲ့အတွက် တောင်သူတွေက အခုနှစ် ဆောင်းသီးနှံကို မစိုက်ဘဲ ထားလိုက်တဲ့ သူတွေလည်းရှိလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013