
၂၀၂၆ ခုနှစ်၊ ဩဂုတ် ၈ ရက်မှာ ၃၈ နှစ်မြောက် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်မဲ့ ‘၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု’ မှာ ပြည်သူတွေနဲ့ ကမ္ဘာတဝန်းက မြန်မာ့အရေးထောက်ခံတွေ ပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားပါတယ်။
ရန်ကုန်လူထုသပိတ်ရဲ့ တာဝန်ရှိသူ Libera က “တော်လှန်ရေးမီးတောက်ကြီးကို ဆက်ပြီး အသက်သွင်းထားနိုင်ဖို့ လှုပ်ရှားမှုတိုင်းဟာ လိုအပ်တဲ့ မီးစာဖြည့်တင်းမှုပဲ။ ဒါဟာ ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတယောက်ချင်းစီတိုင်းရဲ့ တာဝန်ပဲဖြစ်တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာ့အရေးအတွက် ရပ်တည်သူတိုင်းကိုလည်း ဒီထီးသပိတ်လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်” လို့ DVB ကိုပြောပါတယ်။
၈၈၈၈ အရေးတော်ပုံက စတင်ခဲ့တဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေက ဒီနေ့ခေတ် နွေဦးတော်လှန်ရေးအထိ ဆက်လက်ရှင်သန်နေဆဲဖြစ်ကြောင်းနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေရဲ့ယုံကြည်ချက်နဲ့ တော်လှန်စိတ်ဓာတ် အားမလျော့သေးကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။
“စစ်အာဏာရှင်တွေက ပြည်သူကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ကျနော်တို့ကတော့ အန်တုပြီး ယုံကြည်ချက်နဲ့ သမိုင်းကိုရေးခဲ့ကြတယ်။ ၈၈၈၈ မှာ စတင်ခဲ့တဲ့ မီးတောက်ဟာ မငြိမ်းသေးဘူး။ ဒီမီးတောက်ဟာ လွတ်မြောက်တဲ့နေ့အထိ ဆက်လက်လောင်ကျွမ်းနေဦးမှာပဲ” လို့ ပြောပါတယ်။
လှုပ်ရှားမှုမှာ ၈ သင်္ကေတရိုက်နှိပ်ထားတဲ့ ထီး၊ ၈ သင်္ကေတပါဝင်တဲ့ အမှတ်အသားတွေကို အသုံးပြုပြီး ၈၈၈၈ အရေးတော်ပုံရဲ့ အမွေအနှစ်နဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်စိတ်ဓာတ်ကို ဖော်ပြသွားမယ်လို့ သိရပါတယ်။










