DVB Logo
Home
မြန်မာသတင်း
ခါမ်းပါတ်မြို့အနီး ကင်းစောင့်နေသည့်   PDF  ၄ ဦးကို စစ်ကောင်စီတပ်က လည်လှီးသတ် 
DVB
·
December 9, 2023
ခါမ်းပါတ်မြို့အနီး ကင်းစောင့်နေသည့်   PDF  ၄ ဦးကို စစ်ကောင်စီတပ်က လည်လှီးသတ် 
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ အရှေ့ဘက်မှာ ကင်းစောင့်နေတဲ့  PDF  တပ်ဖွဲ့ဝင် ၇ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာကြောင့် ၄ ယောက် ကျဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရကာ  ၁ ယောက်ပျောက်ဆုံးနေပါတယ်။

PDF တွေသိမ်းယူထားတဲ့ ခါမ်းပါတ်မြို့အနီးကို စစ်ကောင်စီတပ်က အင်အား ၁၅၀ ဝန်းကျင်နဲ့ ပြောက်ကျားစစ်ဆင်ပြီး မြို့ကို ပြန်သိမ်းဖို့ကြိုးစားနေတာဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် သန်းခေါင်ကျော်အချိန်မှာ မြို့အရှေ့ဘက်မှာ ကင်းချထားတဲ့ PDF တပ်သားတွေကို  ဝင်ရောက် ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့  တမူးခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒေသခံရွာသား ၃ ယောက်ကိုလည်း ဒီလဆန်းပိုင်းမှာ ဓားစာခံအဖြစ်ဖမ်းဆီးထားပြီး ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းမှာ ရွာသားတယောက် ထွက်ပြေးလွတ်မြောက်လာပါတယ်။

တမူးတိုက်နယ် ပကဖ ဒုတာဝန်ခံ  ဦးကပ်က "တပ်စိတ် ၃ စိတ်ကို ကျနော်တို့ အရှေ့ဘက်ကြိုးတံတားနားမှာ ညကင်းချထားတာ။ R1 R2 R3 ဆိုပြီးတော့ ကာကင်း ၃ ကင်းကို လျှို့ဝှက်ပြီးတော့မှထားတာ။ အဲ့ဒီမှာ အလယ် R3 ကို ည ၁ နာရီခွဲလောက်မှာ သူတို့ကအ ငိုက်ဖမ်းသွားတာပေါ့။ တပ်စိတ် တစိတ် ၇ ယောက်မှာ ၄ ယောက်က ပွဲချင်းပြီး လည်လှီးပြီးတော့မှသတ်တယ်။ ဗိုက်တွေကို ဓားနဲ့ထိုးတယ်၊ ပါးတွေ ခေါင်းတွေကို  ဓားနဲ့ခုတ်ပြီးတော့မှ သတ်သွားတာ၊ သူတို့က သတ်တာက ၆ ယောက်၊ ၆ ယောက်ထဲမှာမှ ၂ ယောက်က ဒဏ်ရာနဲ့ ကျနော်တို့ဆီပြန်ရောက်လာတာပေါ့။ ပြီးတော့ ပြည်သူ ၃ ယောက်ကိုလည်း သူတို့ဓားစာခံဖမ်းသွားတာ၊ ဒီနေ့ မနက် ၁ ယောက်ပြန်ရောက်လာတယ်၊ ထွက်ပြေးလာတယ်။ ဒဏ်ရာနဲ့ ၂ ယောက်ကတော့ လုံခြုံတဲ့နေရာမှာ ပို့ထားတယ်” လို့ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်မှာ ကလေး-မော်လိုက်ဘက်က စစ်ကြောင်းဟာ ခါမ်းပါတ်မြို့ဘက်ကို လာနေတယ်ဆိုတဲ့သတင်းကြောင့် မြို့ခံပြည်သူတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ရည်ရွယ်ချက်ဟာ ခမ်းပတ်မြို့ဗျူဟာကုန်းကိုပြန်သိမ်းဖို့ ကြိုးစားတာဖြစ်နိုင်သလို PDF တွေရဲ့ တမူးမြို့သိမ်းတိုက်ပွဲစစ်ရေးအရှိန်ကိုလျှော့ချနိုင်ဖို့ ကြိုးစားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ တမူးခရိုင်ပကဖ တာဝန်ရှိသူ  ကိုပီတာဂျက်က ပြောပါတယ်။

"ပြောက်ကျားပေါ့၊ ချဉ်းကပ်နေတယ်ဆိုပေမယ့် ကျနော်တို့နဲ့လည်း ထိပ်တိုက်လည်းမတွေ့ အဲ့ဒါမျိုးကွင်းရှောင်ပြီးတော့ပဲ ချဉ်းကပ်လာတာပေါ့။ ပြောက်ကျားဗျူဟာ သုံးပြီးတော့ ချဉ်းကပ်လာတဲ့ သဘောပါ။ ၁၀၀ ကျော် ၁၅၀ ဝန်းကျင်တော့ရှိမယ် အားလုံးပေါင်းရင်ဒီကောင်တွေ။ စစ်ကောင်စီရဲ့မဟာဗျူဟာမြောက်တဲ့ အခိုင်အမာတပ်စွဲထားတဲ့ စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ကုန်းကို သူတို့ပြန်လိုချင်လို့ပဲဖြစ်ပါလိမ့်မယ်။ ဒီကိစ္စအတွက်နဲ့ပဲ ဒီနေရာကိုချဉ်းကပ်လာတယ်လို့ပဲ ကျနော်တို့ယူဆတယ်။ ကျနော်တို့ဒီမှာလည်း

တမူးမှာ သိတဲ့အတိုင်း အနေအထားက မြို့မသိမ်းရုံ တမယ်ပဲကျန်တော့တာ။ စစ်ရေးအရ အရှိန်မြှင့်နေတယ် အထက်ပိုင်းမှာပဲဖြစ်ဖြစ် အောက်ပိုင်းမှာပဲဖြစ်ဖြစ် တော်တော်များများကို ကျနော်တို့ ထိန်းချုပ်ထားနိုင်တဲ့အနေအထားရှိနေတော့လေ ပြန်ပြီးတော့ ချဉ်းကပ်လာတဲ့ သဘောရှိပါတယ်။ ဒါဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ကျနော်တို့ အပြည့်အဝထိ န်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရား တွေရှိနေတဲ့အတွက် ကျနော်တို့ကတော့ လုံခြုံရေးအရ ကောင်းကောင်းကြီး ကာထားတယ် ပေါ့နော်။"

ဒီဇင်ဘာလဆန်းပိုင်းမှာ စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ တမူးမြို့နယ် ဒေသခံပြည်သူ ၃ ယောက်ထဲက ၁ ယောက်ဟာ ထွက်ပြေးလွတ်မြောက်လာပေမဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေတာကြောင့် သတင်းအချက်အလက်တွေ မေးမြန်းလို့မရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

"တယောက်ကတော့ သူတို့လက်ထဲကနေ ပြန်လွတ်လာခဲ့တယ်။ အဲ့တယောက်ကတော့ ၄ ရက်တိတိ ထမင်းမစား ရေမသောက်ဘဲနဲ့ လည်ပင်းမှာ ကြိုးချည်ပြီးတော့ ဒါမျိုးတွေ သတင်းရတယ်။ သူ့ကိုပြန်မေးတဲ့အချိန်မှာ ပြောလို့ ကျနော်က သိရတဲ့သဘောပေါ့။ တော်တော်လေးလည်း သူကအားပြတ်နေတယ်။ နောက်ကနေကြိုးကိုင်ထားတယ်။ လည်ပင်းကို၊ ကြိုးရှည်နဲ့။ အဲ့လိုမျိုးတွေ ရှိတယ်လို့ သူက ထွက်ဆိုထားတာပါ။ သူ့ကိုမေးရတာလည်း သူကတော့ ဦးနှောက်ပိုင်းဆိုင်ရာမှာ နည်းနည်းကြောက်လန့်နေတဲ့ပုံစံရှိတာပေါ့။ မနက်ကနေရောက်တာနဲ့ သူ့ကိုမေးမြန်းလို့မရဘူး။ သူ့ကိုအနားယူခိုင်းထားရတယ်။ တန်းအိပ်သွားတာသူက။"

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ ကလေး-တမူး ကားလမ်းမပေါ်က ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက နို၀င်ဘာလ ၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ  စစ်ကိုင်းတိုင်းမှာ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးမြို့တွေကို PDF တွေက သိမ်းယူခဲ့ပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေတာဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013