DVB Logo
Home
မြန်မာသတင်း
ခါမ်းပါတ်မြို့ကို ပြန်သိမ်းနိုင်ရန် စစ်အာဏာရှင်တပ်က ဗျူဟာတကျ ပြင်ဆင်နေ
သုတချမ်းသာ
·
June 15, 2026
Photo: MOI
Photo: MOI
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ရွာကို စစ်အာဏာရှင်တပ်က သိမ်းယူပြီးနောက် ခါမ်းပါတ်မြို့ကို ဆက်သိမ်းဖို့ ဗျူဟာတကျ ပြင်ဆင်နေပါတယ်။

ရာဇဂြိုဟ်ရွာနဲ့ ရာဇဂြိုဟ်ဆည်ကို ပြန်သိမ်းယူလိုက်ကြောင်း စစ်အာဏာရှင်လက်အောက်ခံ ပြန်ကြားရေးက ဇွန် ၁၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ခါမ်းပါတ်မြို့နဲ့ ၄၈ မိုင်ဝန်းကျင် အကွာအဝေးမှာရှိတဲ့ ကလေးမြို့ဘက်ကလာတဲ့ စစ်ကြောင်းဟာ ခါမ်းပါတ်မြို့နဲ့ ၁၅ မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ ရာဇဂြိုဟ်ရွာအထိ ရောက်လာတာဖြစ်ပါတယ်။

ဇွန် ၁ ရက်က အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာ စစ်အာဏာရှင်သမ္မတက အိန္ဒိယ-မြန်မာနယ်စပ် ကလေး-ခါမ်းပါတ်-တမူး လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ အင်အားသုံးခဲ့တာပါ။

ခါမ်းပါတ်မြို့ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်ခဲ့သလို ကလေးမြို့နဲ့ တမူးမြို့ နှစ်ဖက်စလုံးကနေ ဖိအားပေးပြီး လမ်းပိုင်းအလယ်မှာရှိတဲ့ ခါမ်းပါတ်မြို့ကို ပြန်သိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ခါမ်းပါတ်-တမူး ဒေသခံတယောက်က “ဒီနေ့လည်း ရာဇဂြိုဟ်မှာပါပဲ၊ ဆက်ပြီးတော့ ဘယ်မှတော့ လှုပ်ရှားမှု သိပ်မရှိသေးဘူး။ သူတို့ ဘေးကိုတော့ နည်းနည်းပါးပါး၊ ရွာတွေအထိတော့ မရောက်ဘူးပေါ့။ ဆည်ဘေးနားကိုရောက်တော့ သူတို့ လျှောက်တာတွေ ဘာတွေတော့ ရှိတယ်၊ ရှေ့ပွိုင့်တွေ ဘာတွေ ချထားတာတော့ ရှိတယ်။ အခုလက်ရှိအခြေအနေ ဒီအချိန်အထိတော့ လှုပ်ရှားမှု ဘာမှမကြားရသေးပါဘူးခင်ဗျ။ ရာဇဂြိုဟ် အနောက်ခုံရွာဘက်ကို ဦးတည်ပြီးတော့ ထိုးနေတာရယ်၊ နောက် အရှေ့ဘက်ကို တပ်ဖြန့်ထိုးတာရယ်၊ နည်းနည်းထူးခြားမှုတော့ ရှိတယ်။ စစ်အင်အားတော့ ပိုတိုးလာတာတော့ တွေ့ရတယ်” လို့ ပြောပါတယ်။

တမူးမြို့ဘက်မှာ စစ်အာဏာရှင်တပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ထိတွေ့မှု ဆက်တိုက်ဖြစ်နေတဲ့အတွက် တမူးဘက်ကနေ ခါမ်းပါတ်မြို့ဘက်ကို ဦးတည်တဲ့ စစ်တပ်ရဲ့ လှုပ်ရှားမှု အခြေအနေတွေကိုတော့ စုံစမ်းဖို့ ခက်ခဲနေပါတယ်။

ကလေး-တမူးလမ်းပိုင်းဟာ စုစုပေါင်း ၈၃ မိုင်ဝန်းကျင် ကွာဝေးပြီး ပုံမှန်ကားမောင်းချိန် ၄ နာရီဝန်းကျင်သာရှိတဲ့ လမ်းပိုင်းဖြစ်ပေမဲ့ လတ်တလောမှာ အိန္ဒိယနယ်စပ်ကနေ စစ်ကိုင်း-ချင်း-မကွေးတိုင်းအထိ ကုန်စည်ပို့ဆောင်ရေးမှာ အရေးပါတဲ့လမ်းပိုင်း ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း ချစ်ကြည်ရေးလမ်း ဒါမှမဟုတ် အာဆီယံလမ်းအဖြစ် အိန္ဒိယအစိုးရက ရည်ရွယ်ထားတဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးလမ်း စီမံကိန်းအတွက် အရေးပါတဲ့ လမ်းပိုင်းလည်း ဖြစ်ပါတယ်။

ယင်းမာပင်-ဆာလင်းကြီး သပိတ်ဦးဆောင်ကော်မတီမှ ကိုလွမ်းသူက “ဒီလမ်းပိုင်းက မြန်မာနိုင်ငံအနောက်နဲ့ ဟိုးအရှေ့ တနံတလျားကို ဆက်စပ်လို့ရတဲ့ အရင်အခေါ် အာဆီယံဆိုရင် အာဆီယံလမ်းပိုင်းပေါ့ဗျာ။ ရန်သူစစ်အုပ်စုအတွက် အင်မတန်အရေးပါသလို တော်လှန်ရေးအစုအဖွဲ့တွေ အတွက်လည်း အရေးကြီးတဲ့လမ်းပိုင်း ဖြစ်ပါတယ်။ ဒီလမ်းပိုင်းသည် ကုန်စည်စီးဆင်းမှုအတွက်သာမက နယ်မြေစိုးမိုးရေးအတွက်ပါ အများကြီး အချက်အခြာကျတဲ့ လမ်းပိုင်းဖြစ်တယ်။ အခုဆိုရင်လည်း ယင်းမာပင်ကစတဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နဲ့အမျှ ခိုးဆိုးလုနှိုက်တဲ့ အလုပ်တွေ လုပ်ပြီးတော့မှ လမ်းပိုင်းစိုးမိုးမှု ယူနေတဲ့ အခြေအနေဆိုတော့ သူတို့ကတော့ ဒီလမ်းပိုင်းကို အိန္ဒိယအစိုးရရဲ့ အလိုကျ ပုံဖော်ဖို့ရှိတယ်။ တော်လှန်ရေးဘက်က အခြေအနေကတော့ ဒီလမ်းပိုင်းသာ ကျနော်တို့ ဆုံးရှုံးသွားခဲ့မယ်ဆိုရင် တမူးနယ်စပ်နေရာတွေ အထိက သွားရေးလာရေး၊ တခြားသော ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေအထိ အခက်တွေ့သွားနိုင်မဲ့ အခြေအနေတော့ တော်လှန်ရေးအစုအဖွဲ့ဘက်က ရှိပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေကလည်း “လမ်းတွေကတော့ လုံးဝပိတ်သွားတယ် ဆိုတာမျိုးကတော့ မရှိနိုင်ပါဘူး။ ဒါပေမဲ့ နှောင့်နှေးသွားမှာပေါ့နော်၊ တရက်နဲ့ရောက်ရမဲ့ခရီးက ၂ ရက်၊ အဲဒီဟာကို ကွင်းသွားတော့ ၂ ရက် ဖြစ်သွားမယ်။ ဒါမှမဟုတ် ၂ ရက်ရောက်ရမဲ့ခရီးက ၅ ရက်ဖြစ်ရင် ဖြစ်သွားမယ်။ လုံးဝသွားလို့မရအောင် ပိတ်သွားတယ် ဆိုတာမျိုးကတော့ မရှိဘူး။ ပြီးတော့ လမ်းပိုင်းဆိုတာက အသေမဟုတ်ဘူးလေ၊ မြို့လည်းမဟုတ်ဘူး ရွာလည်းမဟုတ်ဘူး။ စစ်တပ်က ထိုးသွားတဲ့တလျှောက်မှာပဲ စိုးမိုးမှာပေါ့။ ကျန်တဲ့အချိန်ကတော့ သူ ဒီဟာကြီးကို ဘယ်လိုစိုးမိုးမှာလဲ။ လမ်းပိုင်းတလျှောက် လူတန်းကြီးနဲ့သူ အင်အားဖြန့်ထားနိုင်မှာလည်း မဟုတ်ဘူးလေ။ တော်လှန်ရေးအင်အားစုတွေက ပြောက်ကျား ပြန်လုပ်ပြီးတော့ လမ်းပိုင်းတွေကို ပြန်ဖြတ်တောက်ပြီး ပြန်စိုးမိုးကြမှာပဲပေါ့။ ပြည်သူလူထုအတွက် ကုန်စည်စီးဆင်းမှုကတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တာနဲ့ ရန်သူက ထိန်းချုပ်တာနဲ့တော့ တူမှာမဟုတ်ဘူး။ ရန်သူက ထိန်းချုပ်တဲ့နေရာမှာတော့ ပြည်သူတွေ ပိုပြီးတော့ ဒုက္ခရောက်သွားနိုင်တဲ့ အနေအထားတော့ ရှိတာပေါ့” လို့ ပြောပါတယ်။

တရုတ်အစိုးရက ရှမ်းပြည်မြောက်ပိုင်းကနေ ကျောက်ဖြူအထိ သူတို့ရဲ့ စီမံကိန်းလမ်းကြောင်းကို ပြန်အကောင်အထည်ဖော်ဖို့ ကြိုးစားတာနဲ့ တပြိုင်တည်းမှာ အိန္ဒိယဘက်ကလည်း လှုပ်ရှားမှုတွေ အပြိုင်လုပ်လာတာပါ။

အိန္ဒိယ-မြန်မာနယ်စပ် စစ်ရေးပြဿနာတွေကြောင့် အိန္ဒိယ-ချင်း-စစ်ကိုင်းနယ်စပ်မှာ စစ်ရှောင်ပြည်သူ ၅ သောင်းကျော်ရှိနေပြီး မိုးတွင်းကာလအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

အိန္ဒိယဘက်ခြမ်း မီဇိုရမ်နဲ့ မဏိပူပြည်နယ်မှာ စစ်ရှောင်အများဆုံး ခိုလှုံနေရပြီး လုပ်ကိုင်စားသောက်လို့ မရတဲ့အတွက် အလှူရှင်ရှိမှ နေရေး၊ စားရေး အဆင်ပြေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013