DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် စစ်တပ်ဂိတ်များက ဖြတ်သန်းခ အဆမတန် တောင်းခံနေ
DVB
·
December 9, 2023
သံတွဲတွင် စစ်တပ်ဂိတ်များက ဖြတ်သန်းခ အဆမတန် တောင်းခံနေ
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ တောင်ကုတ်အကြားက မြို့တွင်းလမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် မြို့ရှောင်လမ်း (ဒေသအခေါ် တပ်ရှောင်လမ်း) ဘက်ကနေ ဒေသခံတွေ သွားလာနေရပြီး စစ်ကောင်စီရဲ့ အခြေချ တပ်စွဲထားတဲ့ ဂိတ်တွေကနေ လူတဦးကို ဂိတ်ဖြတ်ရင် ကျပ်ငွေ ၅၀,၀၀၀ ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့ဘက်ကနေ တောင်ကုတ်မြို့ကို ဖြတ်သန်းရင် ဂိတ်ကြေး အဆမတန် ပေးနေရတာဖြစ်တယ်လို့ ကာယကံရှင် သံတွဲမြို့ခံတဦးက  ပြောပါတယ်။

“တောင်ကုတ်နဲ့ သံတွဲအကြားပေါ့၊ အဲ့အဝင်က တပ်နယ်မြေလေ။ အရင်က မြို့ထဲဝင်ဖို့ တပ်အတွင်းလမ်းက သွားရတာ၊ အခု အဲ့တပ်အတွင်းလမ်း ပိတ်ထားပြီး တပ်ရှောင်လမ်းကို ဖွင့်ထားပေးတာ၊ ထောက်ခံစာလည်းပါတယ်။ အဲ့ဒါကို ကျနော်က ဆိုင်ကယ်နဲ့ တဦးတည်းဖြတ်တာကို အတင်းအဓမ္မ တောင်းတာပါ၊ အဲ့တော့ ပေးလိုက်ရတယ်။”

တောင်ကုတ်မြို့က ကယ်ရီသမားတဦးကလည်း “ကွမ်းရွက်တွေ သံတွဲဘက်ကို သွားယူတာ အထွက် ၂၀,၀၀၀၊ ပြန်ဝင်ရင် ၃၀,၀၀၀ ပေးရပါတယ်” လို့ ပြောပါတယ်။

လက်ရှိ သံတွဲမြို့မှာ ကုန်စည်ပစ္စည်းတွေကိုလည်း အဝင်အထွက် ပိတ်ထားတာကြောင့် မြို့တွင်း ကုန်စျေးနှုန်းတွေ နှစ်ဆကျော် မြင့်တက်နေပြီး ​ ပိုဆိုးလာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ အခက်တွေ့နေကြပါတယ်။

သံတွဲမြို့ခံတဦးက “မြို့တွင်း ကုန်စည်မြို့ပြင် (ကျေးလက်) ဆီ မထွက်ရ၊ ကျေးလက်ထွက်ကုန် မြို့တွင်းအဝင်မခံဆိုတော့ ကျေးလက်နေလူထုရော မြို့နေလူတန်းစားပါ ကျပ်တည်းကုန်ကြတာ။ ပြည်မက ကုန်စည်စီးဆင်းရေး လမ်းကြောင်းတွေ အကုန်ပိတ်ထားတာလေဗျာ။ ဆန်စျေးဆို အရင် ၄၀,၀၀၀ ဝန်းကျင် အခု ၈၀,၀၀၀ ကျော်၊ ဆီ ရှယ်ထူးရှယ် ဝမ်းလီတာတဘူးကို ၉,၀၀၀၊ ဆားအစိတ်သားထုပ် တထုပ် အရင်က ၃၀၀၊ အခု ၇၀၀၊ ဓာတ်ဆီတလီတာ ၁၂,၀၀၀၊ ရှေ့လျှောက် အဲထက်ဆိုးဖို့ပဲရှိတယ်။ ဘယ်လိုဆိုးနိုင်လဲဆိုတော့ အခုက စျေးမြင့်ပေမဲ့ ကုန်ပစ္စည်းဝယ်ယူလို့ ရသေးတာ တော်သေးတယ်ပြောရမယ်။ နောက်ဆို ပြည်မက ကုန်စည်မစီးဆင်းရင် လမ်းကြောင်းတွေ ဖွင့်မပေးသေးရင် အကုန်ပြတ်တောက်ကြတော့မှာ။ အငတ်ဘေးလာမယ်၊ ခိုးဆိုးလုသတ်ဓားပြတိုက် စတာတွေ ဆင့်ကဲလာတော့မယ်ထင်ပါတယ်”လို့ ပြောပါတယ်။

ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေပေမဲ့လည်း ဒေသတွင်း စားသောက်ကုန်ကြီးကြပ်တဲ့ အစိုးရပိုင် အဖွဲ့အစည်းတွေဘက်ကနေ တစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သံတွဲနဲ့ တောင်ကုတ်မြို့နယ် အဝင်အထွက်လမ်းတွေကို နိုဝင်ဘာ ၁၃ ရက်ကတည်းက စစ်ကောင်စီက ပိတ်လိုက်တာဖြစ်ပြီး အဲ့လိုပိတ်ဆို့ထားတာကြောင့် လက်ရှိမှာ ဒေသခံတွေ အနေနဲ့ စားနပ်ရိက္ခာ​ေတွ စျေးကြီးပေးဝယ်ရတဲ့အပြင် ပြတ်တောက်သွားမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013