DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ကို ရွှေ့ပြောင်းနေထိုင်လာသူများ  ငွေပေးပြီး  ဧည့်စာရင်းတိုင်နေရ 
DVB
·
December 8, 2023
မြိတ်မြို့ကို ရွှေ့ပြောင်းနေထိုင်လာသူများ  ငွေပေးပြီး  ဧည့်စာရင်းတိုင်နေရ 
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့ ရပ်ကွက်တချို့မှာ လာရောက်ပြောင်းရွှေ့နေထိုင်လာကြသူတွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပိုက်ဆံပေးပြီးတော့မှ ဧည့်စာရင်း တိုင်ကြားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြိတ်မြို့ကို ပြောင်းရွှေ့လာကြတဲ့ တခြားဒေသက ပြည်သူတွေဟာ ရပ်ကွက်တွေအတွင်း နေထိုင်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဧည့်စာရင်း သွားရောက်တိုင်ကြားရတာ ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက‌ ဧည့်စာရင်းလာတိုင်တဲ့သူတွေကို တပတ်နေထိုင်ခွင့်အတွက် အနည်းဆုံး ကျပ်  ၅,၀၀၀  ကနေ ၁၀,၀၀၀  အထိ ငွေပေးဆောင်ခိုင်းတယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူတဦးက “ပုလော၊ ပလောက်တို့ဘက်က ပြောင်းလာတဲ့သူတွေက နေထိုင်ဖို့ ရပ်ကွက်မရှိဘူးလေ။ ပြောင်းလာတဲ့လူတွေများလို့ အဲ့ပြောင်း‌ရွှေ့လာလူတွေကိုတောင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘာလုပ်လဲဆို တခြားနယ်က လာတဲ့အတွက် ဧည့်စာရင်းတိုင်ခိုင်းတယ်။ ဧည့်စာရင်းတိုင်ရာမှာလည်း ပိုက်ဆံပေးရတယ်။ တပတ်နေထိုင်မယ်ဆို ၅,၀၀၀ ဒါမှမဟုတ် ၁၀,၀၀၀ အထိကို သူတို့ကောက်တယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ မြိတ်ခရိုင်အတွင်းရှိ ပုလော၊ ပလောက်နဲ့ တနင်္သာရီမြို့နယ်‌တွေက ပြည်သူတွေမှာ တိုက်ပွဲဒဏ်တွေကြောင့် နေရပ်ဒေသတွေကနေ စွန့်ခွာထွက်‌ပြေးလာကြသူတွေ ရှိသလို အလုပ်အကိုင်ရှာဖွေဖို့အတွက် မြိတ်မြို့ကို ပြောင်းရွှေ့နေထိုင်လာကြသူတွေလည်း ရှိပါတယ်။

ဧည့်စာရင်းတိုင်ကြားရာမှာလည်း အရင်လို ရာအိမ်မှူးတွေကို ဧည့်စာရင်းတိုင်တာမျိုး မဟုတ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ သွားရောက် ဧည့်စာရင်းတိုင်ရတာဖြစ်ပြီး အထောက်အထား အပြည့်အစုံနဲ့ ဧည့်စာရင်းတိုင်ကြားရတာ ဖြစ်တယ်လို့ ပြောပါတယ်။

မြို့ခံပြည်သူတဦးက “အဓိကက မြိတ်တောင်ကျေးရွာပိုင်တဲ့ နေရာတွေပေါ့။ လာတိုင်တဲ့လူကို ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံ၊ နာမည်နဲ့တကွ မှတ်တမ်းယူထားတယ်။ နာမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ ဘယ်နေရာကလာတာ၊ အလုပ်အကိုင်တွေ ဖြည့်ရတယ်” လို့ ပြောပါတယ်။

အခုနှစ် မတ်လလောက်ကလည်း မြိတ်မြို့ မြိတ်တောင်ကျေးရွာဘက်မှာ စစ်ဘေးရှောင်လာကြတဲ့ ပုလောမြို့နယ်ဘက်က စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီကနေ ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂ဝ၂‌၃ အောက်တိုဘာလအထိ တနင်္သာရီတိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေ ၂၄,ဝဝဝ ကျော်ခန့် ကျန်ရှိနေတာဖြစ်ပြီး ပုလောမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်ခန့်နဲ့ တနင်္သာရီမြို့နယ်မှာ ၃,၇ဝဝ ကျော်ခန့် ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013