
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်လာကြတဲ့ မြန်မာလူငယ် ၃ ယောက် ပူးပေါင်းဖန်တီးထားတဲ့ ‘Beyond the Other Side’ အနုပညာပြပွဲကို ဩဂုတ် ၈ ရက်နေ့က ဘန်ကောက်မှာ စတင်ပြသနေပြီး တလကြာ ပြသသွားမယ်လို့ သိရပါတယ်။
ဒီပြပွဲမှာ ပန်းချီနဲ့ mixed media လက်ရာ စုစုပေါင်း ၂၈ ကား ပါဝင်ပြသထားပြီး လူငယ် ၃ ယောက်ရဲ့ မတူညီတဲ့ အနုပညာအမြင်တွေ၊ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ခံစားချက်တွေကို လက်ရာတွေအဖြစ် ဖော်ပြထားပါတယ်။
ပြပွဲမှာပါဝင်တဲ့ လက်ရာတွေက မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ ဖော်ပြထားတာမဟုတ်ဘဲ အဲဒီအခြေအနေတွေရဲ့ သက်ရောက်မှုကိုခံစားနေရတဲ့ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကိုပါ ထင်ဟပ်စေပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာပြီး နိုင်ငံခြားမြေမှာ ဘဝအသစ်တခုကို တည်ဆောက်နေရတဲ့ လူငယ်တွေအနေနဲ့ ကြုံတွေ့ရတဲ့ အထီးကျန်မှု၊ မရေရာမှု၊ စိတ်ဖိစီးမှုနဲ့ ကိုယ့်အနာဂတ်ကိုယ် ပြန်လည်ရှာဖွေနေရတဲ့ အတွေ့အကြုံတွေကိုလည်း လက်ရာတွေကနေတဆင့် ခံစားနိုင်မှာ ဖြစ်ပါတယ်။
လူငယ် ၃ ယောက်ရဲ့ အနုပညာဖော်ပြပုံတွေက မတူညီကြပေမဲ့ သူတို့ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံတွေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ စိတ်ခံစားချက်တွေက တနေရာမှာ ပြန်လည်ဆုံဆည်းနေပါတယ်။
‘Beyond the Other Side’ ဆိုတဲ့ ပြပွဲခေါင်းစဉ်အတိုင်း လက်ရှိရောက်နေတဲ့ အခြေအနေတွေရဲ့ အခြားတဖက်မှာ ဘာတွေရှိနိုင်မလဲ၊ နိုင်ငံခြားမြေမှာ နေထိုင်ရင်းဘာတွေကို မျှော်လင့်နေကြလဲဆိုတာကို အနုပညာလက်ရာတွေကနေတဆင့် ပြန်လည်စဉ်းစားနိုင်အောင် ဖော်ပြထားပါတယ်။
ဒီပြပွဲဟာ အနုပညာလက်ရာတွေကို ကြည့်ရှုခံစားရုံသာမက မြန်မာလူငယ်တွေ ရွှေ့ပြောင်းနေထိုင်ရင်း ဖြတ်သန်းနေရတဲ့ ဘဝ၊ စိတ်ခံစားချက်နဲ့ အတွေးအမြင်တွေကိုပါ မျှဝေဖို့ ရည်ရွယ်ထားတဲ့ ပြပွဲတခု ဖြစ်ပါတယ်။










