
ဥရောပကိုရောက်ရှိဖို့ ကြိုးပမ်းရင်း မော်ရီတေးနီးယားကမ်းလွန်မှာ လူ ၁၄၄ ယောက် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က ဇူလိုင် ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
ဒီစာရင်းဟာ ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်ကြား မော်ရီတေးနီးယားမှာ ကယ်ဆယ်ရေး ၃ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပြီး အန္တရာယ်များတဲ့ ပင်လယ်ပြင် ဖြတ်သန်းမှုတွေအစား တခြား ရွေးချယ်စရာတွေ ဖန်တီးပေးနိုင်ဖို့ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိရေး ကုလသမဂ္ဂ အေဂျင်စီက တောင်းဆိုထားပါတယ်။
ဂမ်ဘီယာနိုင်ငံ၊ ဘူဖာလိုတိုကနေ ထွက်ခွာလာပြီး ပင်လယ်ပြင်မှာ ၂၅ ရက်ကြာ သောင်တင်နေခဲ့တဲ့ သင်္ဘောတစီးပေါ်မှာတင် စုစုပေါင်း လူ ၁၄၃ ယောက် သေဆုံးခဲ့တာဖြစ်ပြီး ဇူလိုင် ၁၈ ရက်မှာ ကယ်ဆယ်နိုင်ခဲ့တာပါ။
မော်ရီတေးနီးယားနိုင်ငံ၊ နူးအာဒီဘူးမြို့ကို ကမ်းကပ်ချိန် ကူညီပေးဖို့ ရောက်ရှိနေခဲ့တဲ့ UNHCR ရဲ့ အဆိုအရ အဆိုပါသင်္ဘောပေါ်မှာ ရုပ်အလောင်းတွေနဲ့အတူ အသက်ရှင်ကျန်ရစ်သူ ၃၈ ယောက် ပါလာခဲ့ပါတယ်။
“အဲဒီသင်္ဘောပေါ်က အသက်ရှင်ကျန်ရစ်သူတွေထဲမှာ ခရီးစဉ်အတွင်း မိသားစုဝင် အားလုံး ဆုံးရှုံး ခဲ့ရပြီး အခု ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ ကလေးနှစ်ယောက် ပါဝင်ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ မက်တ် ဆော့ထ်မားရှ်က ဂျီနီဗာမြို့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြော ခဲ့ပါတယ်။
သေဆုံးသူတွေဟာ ဆာဟာရတောင်ပိုင်း အာဖရိကနိုင်ငံတွေက ဖြစ်ကြပြီး သူတို့တွေဟာ ရေနစ်လို့ သေဆုံးတာလား၊ ငတ်မွတ်လို့ ရေဆာလို့ ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့်လား ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူက ချက်ချင်း ထုတ်ဖော်မပြောခဲ့ပါဘူး။
ဇူလိုင် ၁၄ ရက်က မော်ရီတေးနီးယားမှာ ကမ်းကပ်ခဲ့တဲ့ တခြားသင်္ဘောတစီးပေါ်မှာလည်း နောက်ထပ် လူတယောက် ကမ်းမကပ်ခင်မှာ သေဆုံးခဲ့တယ်လို့ UNHCR က ပြောပါတယ်။
မော်ရီတေးနီးယားမှာ ဇူလိုင် ၁၄ ရက်နဲ့ ၁၈ ရက်ကြား ကယ်ဆယ်ရေး ၃ ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း လူ ၃၈၇ ယောက် အသက်ရှင် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂအေဂျင်စီက ဖြည့်စွက် ပြောပါတယ်။
၂၀၂၆ ခုနှစ်အတွင်း အခုချိန်ထိ မော်ရီတေးနီးယားနိုင်ငံ နူးအာဒီဘူးနဲ့ နူးအာချက်မြို့တွေမှာ ကမ်းကပ်မှု ၁၇ ကြိမ် မှတ်တမ်းဝင်ခဲ့ပြီး စုစုပေါင်း လူ ၂,၁၄၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ကုလသမဂ္ဂ ကိန်းဂဏန်းတွေအရ ပင်လယ်ရေကြောင်း အဓိက လမ်းကြောင်းတွေကနေ ဥရောပကို ပုန်းအောင်း ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူနဲ့ ဒုက္ခသည် အရေအတွက်ဟာ ဒီနှစ်မှာ ၃ ပုံ ၁ ပုံမက လျော့ကျသွားခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမခြောက်လမှာ ၆၅,၄၀၇ ယောက် ရှိခဲ့ရာကနေ အခုနှစ် ပထမခြောက်လမှာ ၄၀,၀၀၀ ကျော်ပဲ ရှိပါတော့တယ်။
ဒါပေမဲ့ သေဆုံးမှုနဲ့ ပျောက်ဆုံးမှု အရေအတွက်ကတော့ “စိုးရိမ်စရာအဆင့်” မှာပဲ ဆက်ရှိနေ သေးတယ်လို့ UNHCR က ပြောပါတယ်။
Source: Reuters











