DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်သုံးဆီပြတ်လပ်ပြီး ဝယ်ယူမရဖြစ်နေ
DVB
·
December 8, 2023
ဧရာဝတီတိုင်းတွင် စက်သုံးဆီပြတ်လပ်ပြီး ဝယ်ယူမရဖြစ်နေ
Donate to DVB

ဧရာဝတီတိုင်းမှာ စက်သုံးဆီဆိုင်အများစု ဖွင့်ထားပေမဲ့ စက်သုံးဆီ ဝယ်ယူလို့မရဘဲ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ဒေသခံတဦးက “ဆီဆိုင်တွေကတော့ ပြန်ဖွင့်နေတာ တွေ့ရတယ်။ ဆီလည်း သွားဖြည့်တော့ ဆီပြတ်နေတယ်တဲ့။ ဆီ ၃,၀၀၀ ဖိုးလောက်ရဖို့ ၃ ဆိုင် သွားဝယ်ခဲ့ရတယ်။ နည်းနည်းပါးပါး ရှိနေတဲ့ လမ်းဘေးဆီဆိုင်တွေမှာလည်း တလီတာကို ၄,၀၀၀ အထက်မှာပဲ ဈေးကရှိနေတယ်။ ရုပ်ပြသက်သက်ဖွင့်နေရတဲ့ သဘောရှိတယ်” လို့ ပြောပါတယ်။

အခုလို စက်သုံးဆီ ပြတ်လပ်နေတာကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်း၊ ရေယာဉ်လုပ်ငန်း၊ ဆိုင်ကယ်ကယ်ရီလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အသေးစား လုပ်ငန်းတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း အခက်အခဲ ကြုံလာရတယ်လို့ သိရပါတယ်။

“၃ ရက်နေ့အထိကတော့ ဝယ်လို့ရခဲ့သေးတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး ဆိုင်တွေအကုန် ဆီပြတ်သွားတာ။ ဘယ်အချိန် ပြန်ရမလဲဆိုတာလည်း မသိရဘူး။ အခုက လမ်းမှာ ဆီပြတ်လို့ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့အခြေအနေ ဖြစ်နေတာ။ အရင်ကလို ကိုယ်ထည့်ချင်တဲ့ဆိုင် ဝယ်ထည့်လို့ မရဘူး။ ဆိုင်ကယ်လေးနဲ့ Delivery ပို့စားနေတာ၊ ဒီဆီဈေးတက်လာတဲ့ ဒုက္ခကြုံရတာ တမျိုး၊ အခုဝယ်ပါမရဖြစ်နေတော့ ငတ်သေဖို့ရှိတော့လို့” လို့ ဧရာဝတီတိုင်း ဘိုကလေးမြို့က Delivery သမားတဦးက ပြောပါတယ်။

မအူပင်မြို့က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက “ကျမကိုယ်တိုင်ကိုက စက်သုံးဆီကို အရင်ကလို လိုသလောက် မရပါဘူး၊ ခွဲတမ်းနဲ့ ယူရောင်းနေရတာ။ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘာမှ လုပ်ရတာ အဆင်မပြေဘူး။ ရတဲ့ခွဲတမ်းနဲ့ သုံးလိုအား မမျှတော့ ဆီက မကြာခဏ ပြတ်လပ်နေတာ။ ဆီဆိုင်တွေအများစု ဆီမရှိဘဲ ဖွင့်နေရတာက အဲ့လိုပါ။ ဧရာဝတီတိုင်းက ဆီဆိုင်တွေအားလုံးကို အမြဲဖွင့်ထားဖို့၊ ဆီပြတ်လပ်တာမရှိဖို့၊ ဈေးတင်မရောင်းဖို့ ဆိုပြီး စစ်ဆေးတာတွေ၊ သတိပေးတာတွေ လုပ်ထားတယ်လေ။ ဒါ့ကြောင့် ဆီဆိုင်တွေဖွင့်ထားတယ်။ ဆီရှိသလောက်ရောင်းတယ်၊ ဆီမရှိတော့လည်းဖွင့်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကနေ ဒီဇင်ဘာ ၈ ရက်နေ့အတွက် ဧရာဝတီတိုင်းမှာ စက်သုံးဆီရောင်းချရမယ့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဟာ ၉၂ တလီတာကို ၂,၅၀၀ ကျပ်၊ ၉၅ တလီတာကို ၂,၆၀၅ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ မြေပြင်မှာ ဆီမရှိတဲ့အပြင် လမ်းဘေး ဆီဆိုင်လေးတွေမှာ ၉၂ တလီတာ ၄,၀၀၀ ကျပ်နဲ့ ၉၅ တလီတာကို ၅,၅၀၀ ကျပ်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေးနှုန်းတွေတက်၊ ဆီပြတ်လပ်နေတဲ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ၊ ဆေးဝါးတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ လူသုံးပစ္စည်းတွေလည်း အရင်ကထက် နှစ်ဆကျော်ကျော်အထိ ဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013