DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း၌ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ စစ်တပ်က NLD ရုံးနှင့် နေအိမ်အချို့ကို မီးရှို့
DVB
·
December 7, 2023
မကွေးတိုင်း၌ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၊ စစ်တပ်က NLD ရုံးနှင့် နေအိမ်အချို့ကို မီးရှို့
1 / 2
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ စခန်းချထားတဲ့ နေရာသုံးခုကို ဒီဇင်ဘာ ၆ ရက် မနက် ၈ နာရီလောက်က စတင်တိုက်ခိုက်ခံရပြီးနောက် တနာရီအကြာမှာ စစ်တပ်က မြို့ပေါ် NLD ရုံးနဲ့ နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မြိုင်မြို့ပေါ်က အမှတ် ၃ စာသင်ကျောင်း၊ ဘူတာရုံနဲ့ ကိုးဆောင်ကျောင်းဂိတ်တို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ အမှတ် ၃ စာသင်ကျောင်းနဲ့ ဘူတာရုံက စစ်ကောင်စီတပ်သားတွေ မြိုင်မြို့မရဲစခန်းထဲကို ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့ Earthquake People Defense Force က သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

“စစ်ရေးပစ်မှတ်အရဆိုရင် အရေးကြီးတဲ့နေရာမို့ပါ။ သုံးနေရာလုံးကို တခါတည်း ဝင်ပစ်တယ်။ ပစ်တဲ့အချိန်မှာ စာသင်ကျောင်းရယ်၊ ဘူတာရုံက ရဲစခန်းဘက်ကို ပြေးသွားတယ်၊ တပ်ဆုတ်သွားတယ်။ ကိုးဆောင်ကျောင်းဂိတ်ကိုပဲ ပစ်ခဲ့ရတယ်။”

မြိုင်မြို့ပေါ် စစ်ကောင်စီတပ်စခန်းသုံးခု တိုက်ခိုက်ခံခဲ့ရပြီး စစ်သားထိခိုက်သေဆုံးမှု ရှိပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“မြို့ပေါ်ဖြစ်ဖြစ်ပြီးချင်းတော့ ခဏ စစ်ဆေးတာတွေ ကျပ်တာတွေ ရှိပါတယ်။ ပြည်သူတွေ ရှောင်ရတာတွေ​တော့ မရှိဘူး။ တိုက်ပွဲဖြစ်ပြီး တနာရီလောက်မှာတော့ NLD ရုံးနဲ့ နေအိမ်တချို့ မီးရှို့ခံလိုက်ရတယ်လို့ သိရတယ်” လို့ ကိုပိန်က ပြောပါတယ်။

မြို့ပေါ်က နေအိမ်မီးရှို့ခံရမှု အခြေအနေကိုလည်း အသေးစိတ် အတည်မပြုနိုင်သေးသလို အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ မြိုင်ပကဖ တပ်ရင်း-၂ နဲ့ Earthquake People's Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တဦးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၈ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ယောက် ဒီဇင်ဘာ ၆ ရက် မနက် ၉ နာရီလောက်မှာ တပ်အပြင်ကို ထွက်သွားတယ်လို့ တပ်တွင်းဖရဲသီးတွေဆီကနေ သတင်းပေးလို့ ပကဖရဲဘော်တွေ ဖမ်းဆီးဖို့ သွားရောက်ခဲ့ကြတယ်လို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ အဖမ်းမခံဘဲ ပြန်လည်ခုခံတာကြောင့် သေနတ်နဲ့ပစ်ခတ်ရာ စစ်ကောင်စီတပ်သားတယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်သားဆီကနေ သေနတ်တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆန် ၆၇ တောင့်နဲ့အတူ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ လိုက်ပါလာတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ Young Force UG ကနေ သိရပါတယ်။

ရေစကြိုမြို့နယ်ကနေ ပခုက္ကူမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ လိုက်ပါလာတဲ့ ကားတစီးကို ဒီဇင်ဘာ ၆ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်လောက်က ပခုက္ကူ-ရေစကြိုကားလမ်း မိုင်းပွိုင့် ၂ ပွိုင့်ကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီပျူစောထီးတွေဟာ ရေစကြိုမြို့နယ် ဂွေးချိုနဲ့ ဆင်ချောင်းကျေးရွာကဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားပျက်စီးသွားကာ သေဆုံးဒဏ်ရာရသူ ရှိနိုင်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီဘက်က ပခုက္ကူ-ရေစကြို ကားလမ်းတလျှောက်မှာ ကင်းပုန်းတွေချထားတဲ့ ကြားကနေ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ကားလမ်းကိုပိတ်ဆို့ကာ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေ၊ ကားတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013