DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရရှိရန်မျှော်လင့်ဟု တရုတ်ဝန်ကြီးပြော 
DVB
·
December 7, 2023
မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရရှိရန်မျှော်လင့်ဟု တရုတ်ဝန်ကြီးပြော 
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးရရှိပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက ပြောကြားလိုက်ပါတယ်။

၈ ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတက်ရောက်ဖို့ တရုတ်မြို့တော် ဘေဂျင်းမှာ ရောက်နေတဲ့ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့    ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံချိန်မှာ ခုလိုပြောလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “မြန်မာနိုင်ငံအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူဘောင်အရ အမြန်ဆုံး နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ဆက်လက်လုပ် ဆောင်နိုင်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်”လို့ပြောပါတယ်။

ဒါ့အပြင် အွန်လိုင်း လိမ်လည်မှုပပျောက်ရေးအတွက်လည်း နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းသင့်တယ်လို့ ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ဒီတွေ့ဆုံပွဲမှာ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအား ပိုမိုခိုင်မာစေရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနဲ့  ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်မှ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်းနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကိစ္စ၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်သွားရေး ပိုမိုနီးကပ်စွာ ပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။ 

ဒါ့အပြင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်တဲ့ သတင်းအမှားတွေ ဟန့်တားထိန်းချုပ်သွားနိုင်ရေး မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်ကို မြန်မာနိုင်ငံသို့ ပဉ္စမအကြိမ်မြောက် ပင့်ဆောင်ရေးကိစ္စ  နှစ်ဖက်ဆွေးနွေးခဲ့တယ်လို့လည်းဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် တရုတ်နယ်စပ်ဒေသ အပါအဝင် နိုင်ငံတဝန်း တိုက်ပွဲတွေ အရှိန်မြင့်ဖြစ်ပွားနေချိန်မှာ အခုလို စစ်ကောင်စီဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့  တွေ့ဆုံခဲ့တာပါ။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ငွေကြေးလိမ်လည် လှည့်ဖြားမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေလိမ် ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းနေချိန်လည်း ဖြစ်ပါတယ်။

သိပ်မကြာခင်ကပဲ အွန်လိုင်းငွေလိမ်ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်ဆယ်ရာမှာလည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့တယ်လို့  တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့ မြန်မာစစ်ကောင်စီဘက်က တယ်လီကွန်းလိမ်လည်မှု သံသယရှိသူ ၃၁,၀၀၀ ကျော်ကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက ပြောထားပြီး မြန်မာနိုင်ငံထဲမှာ အနည်းဆုံး လိမ်လည်မှုစင်တာ ၁,၀၀၀ မှာ တရက်ကို လူ ၁ သိန်းကျော်က အွန်လိုင်းငွေ လိမ်လည်မှုတွေမှာ ပါဝင်နေတယ်လို့ တရုတ်အစိုးရမီဒီယာတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်တုန်းကလည်း မြန်မာနိုင်ငံမြောက်ပိုင်းက နေရာ ၁၁ ခုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တရုတ်ယူနယ်ပြည်နယ်ရဲတပ်ဖွဲ့တို့  ပူးပေါင်းစစ်​ဆင်ရေး ပြုလုပ်ပြီး အွန်လိုင်းလိမ်လည်မှု နေရာ ၁၁ ခုကို ဝင်ရောက်စီးနင်းကာ ပါဝင်ပတ်သက်နေသူ ​၂၆၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းအွန်လိုင်းလိမ်လည်မှုနဲ့ ပြန်ပေးဆွဲမှုတွေ အပါအဝင် ရာဇဝတ်မှုတွေ ပြုလုပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရှိတယ်လို့ တရုတ်လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

Photo- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013