DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီသံအမတ်ကို ကိုရီးယားကပေးသည့်ဆု ရက်ပိုင်းအတွင်း ပြန်ရုပ်သိမ်းခံရ
DVB
·
December 7, 2023
စစ်ကောင်စီသံအမတ်ကို ကိုရီးယားကပေးသည့်ဆု ရက်ပိုင်းအတွင်း ပြန်ရုပ်သိမ်းခံရ
Donate to DVB

စစ်ကောင်စီ သံအမတ်ဦးသန့်စင်ကို  တောင်ကိုရီးယားနိုင်ငံအဖွဲ့အစည်းတခုက ပေးအပ်ခဲ့တဲ့ 2023 Best Ambassador Award ဆုကို ‌ပြန်ရုပ်သိမ်းလိုက်တယ်လို့ ဆုပေးအပ်တဲ့အဖွဲ့က ဒီဇင်ဘာ ၆ ရက်မှာ ကြေညာလိုက်ပါတယ်။

Korea Consumer Brand Awards ကော်မတီဟာ  နိုဝင်ဘာ ၂၉ ရက်က ဆိုးလ်မြို့ရှိ ကို Korea Press Center မှာကျင်းပခဲ့တဲ့ဆုပေးပွဲမှာ စစ်ကောင်စီခန့် သံအမတ် ဦးသန့်စင်ကို 2023 Best Ambassador Award ဆုကို ‌ပေးအပ်ခဲ့တာပါ။

အဲဒီလိုဆုပေးတဲ့အပေါ် ကိုရီးယားပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်ခဲ့တာကြောင့်  ပေးထားတဲ့ဆုကို  ပြန်ရုပ်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။

တောင်ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူတဦးက “ကိုရီးယားပြည်သူတွေက အတော် ခံပြင်းနေတာ။ စကစ ဘက်တော်သားကို ဆုပေးတာက အရှက်ရစရာလို့ သူတို့က လက်ခံထားတယ်။ အဲဒီအတွက် ကန့်ကွက်ခဲ့ကြလို့ ဆုပေးပြီး ရက်ပိုင်းအကြာမှာ ပြန်ရုပ်သိမ်းခံလိုက်ရတာ” လို့ ပြောပါတယ်။

ကိုရီးယားအဖွဲ့အစည်းတွေက မြန်မာစစ်တပ်ဘက်သားတစ်ဦးကို ကိုရီးယားနိုင်ငံအတွင်း ဆုပေးတာဟာ အလွန်အကျည်းတန်​ပြီး ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်လို့ လုံးဝ လက်မခံနိုင်ကြောင်း၊ လက်ရှိ မြန်မာပြည်တွင်း အခြေအနေကို ထည့်မစဉ်းစားဘဲ ဆင်ခြင်ဉာဏ်မဲ့ကာ ဆုပေးတဲ့အဖွဲ့ကို အပြင်းထန်ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုရီးယား လူမှုအဖွဲ့အစည်းအနေနဲ့ ဆုပေးရတဲ့အကြောင်းကို ပြန်လည်ဖြေရှင်းပေးဖို့နဲ့ ဆုရုပ်သိမ်းပေးဖို့ Korea Consumer Global Council ကို အကြောင်းကြားလိုက်ပြီးနောက် နာရီပိုင်းအကြာမှာဘဲ ကောင်စီဘက်က ဆုကိုရုပ်သိမ်းတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီသံအမတ်ကို ဆုပေးရတာဟာ  ရင်းနှီးမှုသဘောနဲ့ဖြစ်​ပြီး ဆုပေးလိုက်တဲ့အတွက် မြန်မာပြည်သူ​တွေ ဒေါသထွက်ကြတာ သိရလို့ ထိတ်လန့်အံ့သြရကြောင်း ဖြေရှင်းခဲ့ပါတယ်။

ဒါ့အ​ပြင် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံတဲ့ ကိုရီးယားလူမှုအဖွဲ့အစည်းပေါင်းချုပ်က စိုးရိမ်သလို မိမိတို့အနေနဲ့ ဆုပေးဖို့ အလျင်စလို ဆုံးဖြတ်ခဲ့တာတွေ့ရလို့ အခုပေးအပ်ခဲ့တဲ့ ဆုကို ပြန်လည်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုပြီး ကြေညာလိုက်တာဖြစ်ပါတယ်။

သံအမတ်ဦးသန့်စင်ဟာ အဲဒီဆုကိုရပြီးတဲ့နောက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရေးတယူ ဂုဏ်ပြုခံရပြီး နိုင်ငံတကာသံတမန်ဆက်ဆံရေး ကောင်းမွန်သယောင် ဝါဒဖြန့်ခဲ့သလို ဒီဆုဟာ အဖွဲ့အစည်းတခုကပေးတဲ့ သာမန်ဆုသာဖြစ်ပေမဲ့ စစ်အုပ်စုက အကျယ်တဝင့် ဂုဏ်ယူပြနေတာ ဖြစ်ပါတယ်။ 

ကိုရီးယားရောက်မြန်မာလုပ်သားတဦးက “အခုက အရှက်ကွဲပြီပေါ့။ ကိုရီးယားပြည်သူတွေကို လျှော့တွက်တာကိုး” လို့  ပြောပါတယ်။

မြန်မာစစ်တပ်ဘက်တော်သားကို သာမန်ဆုပေးတာတောင် လက်မခံတဲ့ ကိုရီးယားပြည်သူနဲ့ လူမှုအဖွဲ့တွေကို လေးစားကျေးဇူးတင်တယ်လို့  တောင်ကိုရီးယားရောက် မြန်မာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်​ကောင်စီသံအမတ်ကို ဆု​ပေးခဲ့တဲ့ Korea Consumer Brand Awards Committee အနေနဲ့လည်း ဒီဆုပေးလိုက်မိလို့ စိတ်ထိခိုက်ခံစားခဲ့ရတဲ့ ကိုရီးယားနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား​တွေကို တောင်းပန်တယ်လို့လည်း ဆိုထားပါတယ်။

ဆုကို ပြန်ရုပ်သိမ်းကြောင်း တရားဝင်ကြေညာစာထုတ်ပြန်ပြီးနောက်မှာ  ဦးသန့်စင် ဆုရတဲ့ အကြောင်းအရာ​တွေနဲ့ ဆုယူတဲ့ ဓာတ်ပုံ​တွေကို ကိုရီးယားမီဒီယာတွေကလည်း ပြန်လည်ဖယ်ရှားလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013