DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က တားမြစ် ဓာတုဗုံးတွေ အသုံးပြုနေပြီလား  
DVB
·
December 6, 2023
စစ်ကောင်စီတပ်က တားမြစ် ဓာတုဗုံးတွေ အသုံးပြုနေပြီလား  
Donate to DVB

မြို့ပေါင်း ၂၀ ဝန်းကျင်နဲ့  စစ်စခန်းပေါင်း ရာနဲ့ချီပြီးလက်လွတ်ဆုံးရှုံးထားရတဲ့  စစ်ကောင်စီတပ်က နိုင်ငံတကာမှာ တားမြစ်ထားတဲ့ ကလပ်စတာဗုံး (ပဒေသာဗုံး) တွေအပြင် ဓာတုဗုံးတွေကိုပါ အသုံးပြုနေပြီလို့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ MNDAA, TNLA, AA တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ ဓာတုဓာတ်ငွေ့ပါတဲ့ဗုံးတွေနဲ့ ပစ်ခတ်နေတဲ့ကြားကနေ ၂၁ ရက် ကြာတိုက်ခိုက်ပြီးနောက် ထရွန်အိုင်ဗျူဟာစခန်းကို ရရှိခဲ့ပြီလို့ ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီမတိုင်ခင် ရှမ်းပြည်နယ်မှာလည်း နိုဝင်ဘာ ၁၄ ရက်က လားရှိုးမြို့နယ်ထဲက မိုင်းကျပ်တပ်စခန်း၊ နိုဝင်ဘာ ၁၈ ရက်မှာ နမ့်ခမ်းမြို့က စခန်းသစ်ကုန်း၊ နိုဝင်ဘာ ၂၃ ရက်မှာတော့ သိန္နီမြို့နယ်က နမ့်စလပ် တောင်ကုန်းတို့မှာ စစ်တပ်က ဓာတုဗုံးလို့ယူဆရတဲ့လက်နက်တွေ အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမြို့က စခန်းသစ်ကုန်းမှာဆိုရင် ဓာတုဗုံးလို့ယူဆရတဲ့အရာတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနားမှာရှိတဲ့ ရဲဘော် ၈ ယောက်လောက် မူးဝေ၊ အားနည်း၊  အသက်ရှူကျပ်တာတွေ ခံစားခဲ့ရပေမဲ့ သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

TNLA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က “စစ်မြေပြင်မှာဖြစ်နေတော့ အဆိပ်ငွေ့မိတဲ့ ရဲဘော်တွေက ကိုယ်လုံးမနိုင်တော့ဘူး။ မနိုင်တော့ လူကိုပဲ ဦးစားပေးပြီးမှ ကယ်တင်နိုင်ခဲ့တယ်။ အစအန အထောက်အထားတွေ ရယူနိုင်တာမရှိဘူး။ ကျနော်တို့လည်း အဲနေ့မှာပဲ ရထားတဲ့တောင်ကုန်းကို ပြန်ပေးလိုက်ရတယ်။ ပြန်ဆုတ်ခွာပေးလိုက်ရတယ်ပေါ့နော်။ အဲဟာတော့ လုံးဝ အစအန၊ သူတို့ထိုးလာပြီးတဲ့နောက်ပိုင်းမှာ အစအနတွေအကုန်လုံး ဖျောက်ပစ်လိုက်တယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ ဓာတုဗုံးအသုံးပြုတဲ့ အပိုင်းအစတွေနဲ့ ဓာတ်ငွေ့တွေကို စစ်ဆေးတာ မလုပ်နိုင်သေးတဲ့အတွက် ဘယ်လိုအမျိုးအစားဆိုတာ ဘယ်သူ၊ ဘယ်အဖွဲ့ကမှ အတည်ပြုထုတ်ပြန်နိုင်တာမရှိသေးပါဘူး။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်ထပ်သိရဖို့ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ရက္ခိုင့်တပ်တော် AA, NUG တို့က တာဝန်ရှိသူတွေဆီ ၁ ရက်ကြိုတင် ဆက်သွယ်ပေမယ့် သတင်းရေးသားချိန်ထိ ပြန်ဖြေတာ မရှိခဲ့ပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ဓာတုလက်နက် အသုံးပြုတာမရှိကြောင်းနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေဘက်က တိုက်ပွဲတွေထဲ အထိနာလာတဲ့အတွက် အခုလိုတွေပြောနေတာဖြစ်ကြောင်း  ပြောပါတယ်။

ဓာတုဗုံးလိုမျိုးအန္တရာယ်များတဲ့အတွက် ကမ္ဘာပေါ်က ၁၂၄ နိုင်ငံက အသုံးမပြုဖို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ကလပ်စတာ (ဆင့်ကွဲဗုံး) တွေကို စစ်ကောင်စီတပ်က သုံးနေကြောင်း မြန်မာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ပြောရေးဆိုခွင့်ရှိသူ မဂျူလီယာက  ဒီဗွီဘီကို ပြောပါတယ်။

ကလပ်စတာဗုံးတွေကို မြေပြင်ကနေရော ဝေဟင်ကနေပါ ပစ်ခတ်နိုင်ပြီး ပထမအဆင့် ဗုံးကွဲအပြီးမှာ နောက်ထပ် ဗုံးအသေးစားတွေကို နေရာအများကြီးအပေါ် ကြဲချလိုက်တာ ဖြစ်ပါတယ်။

ကလက်စတာဗုံးတွေကို ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီဒေသကတိုက်ပွဲတွေမှာ ၁၂ ကြိမ်ထက်မနည်း အသုံးပြုခဲ့ပြီး ဓာတုဗုံးသုံးတယ်လို့ သတင်းထွက်တာကတော့ ၁၄ ကြိမ်ရှိကြောင်း မဂျူလီယာက ဆိုပါတယ်။

BACS ပြောရေးဆိုခွင့်ရှိသူ မဂျူလီယာက “ကလပ်စတာဆိုရင် ဧရိယာအကြီးပေါ့။ ကျယ်ကျယ်ပြန့်ပြန့် သွားနိုင်တာမို့လို့ ထိခိုက်မှုများစေမယ်ဆိုတာမျိုးကို သူတို့ယူဆတယ်လို့ သုံးသပ်ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ဓာတုဗုံးသုံးတယ်ဆိုတဲ့ကိစ္စတွေက ပိုပြီး ကြားလာနေရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်းပဲ ပိုများလာတာကို တွေ့ရပါတယ်။ စစ်ဆင်ရေးကာလ တလကျော်မှာပဲ နိုင်ငံတဝန်း’ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၈၀ ကျော်ရှိပါတယ်။ ဒါက အရင်ထက် ၃ ဆပိုပြီးမြင့်တက်လာတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှာ ၁၀ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီတေဇကတော့  စစ်ကောင်စီတပ်ဟာ နိုင်ငံတကာမှာတားမြစ်ထားတဲ့ ဗုံးအမျိုးအစား ၃ ခုကနေ ၅  ခု ထက်မနည်းကို သုံးနေနိုင်ကြောင်း မှတ်ချက်ပြုပါတယ်။

အရင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆန္ဒပြ သပိတ်စခန်းဖြိုခွင်းရာမှာသုံးတဲ့   မီးလောင်ဗုံးတွေအပြင်၊ Thermobaric လို့ခေါ်တဲ့ လေဟာနယ်ဗုံးတွေ၊ ကလပ်စတာ (ဆင့်ကွဲဗုံး) တွေကို ကပစ (၂၁) နဲ့ (၁၀)  တို့မှာ ပြင်ဆင်ထုတ်လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ  CDM ဗိုလ်ကြီးတေဇက “ ဓာတုဗုံးကကျတော့ ကျနော်ထင်တာ စစ်တပ်က မသုံးလောက်ဘူးထင်တယ်။ ထင်တာက သူတို့မှာ သုံးနိုင်တဲ့ ဟိုဟာလည်း သိပ်မရှိလောက်ဘူး။ မရှိဘူးဆိုတာက Thermobaric တွေ သုံးတယ်ထင်တယ်။ ဒီကောင်က လေဟာနယ်ဗုံး ဆိုတာကြားဖူးမှာပေါ့။ သူက ပေါက်ကွဲအားပြင်းတယ်။ ပြင်းပြီး ဘာဖြစ်လဲဆိုတော့ ပေါက်ကွဲမှုအရှိန်နဲ့ အတွင်းကလီစာတွေ၊ နားသွေးယိုတာတို့ အသည်းတို့၊ အဆုတ်တို့ပေါ့၊ ကလီစာတွေထိပြီးသေတဲ့ ဗုံးမျိုး။ ဒါကိုပဲ လေဟာနယ်ဗုံးပေါ့။ သူလည်း တားမြစ်ထားတဲ့ အထဲမှာ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေါက်ကွဲအားအရမ်းပြင်းပြီး လူတွေကို တော်တော်ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်။ တချို့က မသေရင်တောင်မှ ကယောင်ကတမ်းတွေဖြစ်တာ စိတ်ကိုပါ ဖြစ်စေတဲ့ဟာပေါ့ အဲလိုဗုံးသီးတွေ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အရင်တုန်းက ပြည်ပက‌နေ တင်သွင်းထားတဲ့ လက်နက်တွေကို ပြည်တွင်းကဓာတ်ခွဲခန်းတွေမှာ စစ်ဆေးပြီး ပုံစံတူထုတ်တာမျိုးလည်းရှိပေမဲ့ ဓာတုဗုံး ထုတ်လုပ်နိုင်တဲ့ အတွေ့အကြုံတော့ မရှိလောက်သေးဘူးလို့ ရှင်းပြပါတယ်။

ဒီဗုံးတွေအားလုံးဟာ ဗုံးပေါက်ကွဲအားကြောင့် ထိခိုက်နိုင်တာပဲဖြစ်ပြီး ဓာတုအဆိပ်ဗုံးတွေလိုမျိုး ဓာတ်ငွေ့တွေ ထွက်တာမျိုး မရှိဘူးလို့ဆိုပါတယ်။

အခုလက်ရှိ စစ်ကောင်စီတပ်ကသုံးနေတဲ့ ပေါင်  ၅၀၀ ဗုံးတွေကတော့ လေယာဉ်ဗုံးအမျိုးအစားဖြစ်ပြီး ဖျက်အားပြင်းပေမဲ့ တားမြစ်ထားတဲ့အမျိုးအစားထဲက မဟုတ်ဘူးလို့ CDM ဗိုလ်ကြီးတေဇက ဆိုပါတယ်။

နောက်ထပ် ကပစ မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီး ဇီးရိုးကလည်း ပြည်တွင်းဖြစ် Cluster (ဆင့်ကွဲဗုံး) ဆိုတာ ကပစ ၂၁ ကထုတ်တဲ့ လေယာဉ်ဗုံးကိုယ်ထည်ထဲကို ကပစ ၃ က 81 ဗုံးသီးတွေ ထည့်ပြီး လုပ်တာလို့ဆိုပါတယ်။

ပြည်တွင်းဖြစ် ဓာတ်ငွေ့ဗုံးဟာလည်း ကပစ ၂၁ က ဗုံးကိုယ်ထည်ကိုသုံးပြီး ကပစ ၂၄ က ဓာတ်ငွေ့ အရောအနှောတွေနဲ့ လုပ်ထားတာကြောင့် ပေါင် ၅၀၀ ဗုံးတွေလောက် အရမ်းမစိုးရိမ်ကြဖို့ကို တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ဓာတုဗုံး သုံးတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့  ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေနဲ့ ဗုံးကြဲချမှုတွေကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာကနေ ၂၀၂၃ ခုနှစ် ဇွန်လအထိဆိုရင် ၉ လအတွင်း တော်လှန်ရေးရဲဘော် ၁၀၈ ယောက်ထက်မနည်းနဲ့ အရပ်သား ၃၂၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း BACS ကလည်း ထုတ်ပြန်ထားပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013