DVB Logo
Home
မြန်မာသတင်း
မူဆယ်နှင့် လွိုင်ကော် စစ်‌ရှောင်များ အကူအညီလိုအပ်၊ ဒုက္ခသည် ၃,၀၀၀ ကျော်ကို PNLO က ရိက္ခာ ထောက်ပံ့
DVB
·
December 6, 2023
မူဆယ်နှင့် လွိုင်ကော် စစ်‌ရှောင်များ အကူအညီလိုအပ်၊ ဒုက္ခသည် ၃,၀၀၀ ကျော်ကို PNLO က ရိက္ခာ ထောက်ပံ့
1 / 3
Donate to DVB

တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ကျင်စန်းကျော့က စစ်ဘေးရှောင် ပြည်သူတွေ  စားနပ်ရိက္ခာပြတ်လပ်လို့ ခက်ခဲဒုက္ခရောက်နေကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “အခုလောလောဆယ် အဲ့ဘက်မှာက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ ပြတ်လပ်တာ၊ ခက်ခဲတာ အဲလိုမျိုး ဖြစ်နေတာပေါ့နော်” လို့ ပြောပါတယ်။

ခန့်မှန်းခြေ လူဦးရေ ၁,၀၀၀ ခန့်ရှိပြီး ကုန်တင်ကားသမားတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒေသခံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

“အဲဒီဒေသခံတွေ၊ ကားဆရာတွေ တော်တော်များများပေါ့နော် အဲ့မှာ ဒုက္ခရောက်နေတာပေါ့ဗျာ။ ဒီ အစားအသောက် ကုန်ကြမ်းပြတ်လပ်တာ၊ ဖုန်းလိုင်းမရ ခက်ခဲတာ အဲလိုမျိုး ဖြစ်တာပေါ့” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

ဖုန်းလိုင်း လုံးဝမရတဲ့နေရာမှာလည်း သုံးနေရာလောက် အစားအသောက် ခက်ခဲဒုက္ခရောက်နေတဲ့ ပြည်သူတွေ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

ကျင်စန်းကျော့-ဝမ်တိန် နယ်စပ်ဂိတ် ပိတ်သွားသလို မူဆယ်- ကျင်းစန်းကျော့လမ်းလည်း ပိတ်သွားပြီး ကျင်းစန်းကျော့-ပန်ဆိုင်းလမ်းလည်း သွားလာခွင့်မပြုဘူးလို့ ‌ပန်ဆိုင်းဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရာ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ မူဆယ်-ကျင်းစန်းကျော့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA ပူးပေါင်း မဟာမိတ်တပ်ပေါင်းစုတို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကာ နိုဝင်ဘာ ၂၅ ရက်မှာတော့ ကျင်စန်းကျော့ကို ကိုးကန့် MNDAA ပူးပေါင်း မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာလည်း လွိုင်ကော်ဘက်ကနေ ရောက်လာတဲ့ စစ်ရှောင်တွေ စောင်နဲ့ အိုးခွက်ပန်းကန်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူဆီက သိရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ ရာသီဥတု အရမ်းအေးတဲ့အပြင် စစ်ရှောင်တွေဟာ ဘုရားကျောင်း၊ စာသင်ကျောင်းတွေရဲ့ အင်္ဂတေပေါ်မှာ ဒီတိုင်းအိပ်ကြတဲ့အတွက် စစ်ရှောင်ဦးရေ ၇၀၀ နီးပါးအတွက် စောင်လိုအပ်နေပါတယ်။

ထွန်းမြန်မာ Donation အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူက “မိသားစု ၅ ယောက်မှာ စောင်တထည်ပဲပါတယ်။ စောင်အရမ်းလိုအပ်နေပါတယ်။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရတာလည်းရှိတော့ လက်ရှိအချိန်မှာ စုပြီး ချက်ပြုတ်စားသောက်နေကြတယ်။ စုပြီးချက်ပြုတ်တာက ရေရှည် ပြဿနာရှိနိုင်တယ်။ အိုး၊ ခွက်၊ ပန်းကန်တွေ လိုအပ်တယ်” လို့ ပြောပါတယ်။

လွိုင်ကော်ဘက်က ပြည်သူ ၈၀ ရာခိုင်နှုန်းကတော့ သူတို့ သက်ဆိုင်ရာ ဆွေမျိုးတွေဆီ စစ်ရှောင်ကြပြီး လက်ရှိစာရင်းအရ ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ရှောင် ၂,၂၀၀ နီးပါး ရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းထဲကို ရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင် ၃,၀၀၀ ကျော်အတွက်ကိုတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က စားနပ်ရိက္ခာတွေ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့  တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြောင့် ဆီဆိုင်မြို့နယ်ထဲကို စစ်ရှောင် ၂၀,၀၀၀ ကျော် ရောက်ရှိနေတာဖြစ်ပြီး အခုလက်ရှိမှာ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

PNLO ဗိုလ်မှူးအာလာရက “ကျနော်တို့ တပတ်စာ တပတ်စာ သွားကူညီပေးထားပါတယ်။ များလည်းများတော့ ကူညီလို့ မပြီးနိုင်ဘူး။ တကိုယ်ရေသုံးပစ္စည်းတွေ၊ ဆန်တွေ ဝယ်ရတော့ ပစ္စည်းစောင့်ရတာလည်း ကြန့်ကြာတယ်။ ဆိုတော့ အဖွဲ့အစည်းထဲက ရှိတာတွေကို အရင်သွားပေးတာပေါ့။ စားဖို့ ဆန်အိတ်တွေ အရင်သွားပေးထားရတယ်။ အဲ့လို အရင်ခွဲပေးထားရတယ်” လို့ ပြောပါတယ်။

ကရင်နီစစ်ရှောင်တွေဟာ အဓိကအားဖြင့် ဆီဆိုင်မြို့နယ်အတွင်းက ဘန်းယဉ်၊ နောင်မွန်၊ ဆိုက်ခေါင်၊ ရေဖြူ၊ နောင်ထော်ဒေသတွေမှာ အများဆုံးရှိနေပြီး အထူးသဖြင့် ဆီဆိုင်မြို့အတွင်းက ဘာသာရေးဘုန်းကြီးကျောင်း၊ ရပ်ကွက်တွေထဲမှာ အများဆုံးရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေထဲက သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း PNLO ရဲ့ ဆေးအဖွဲ့က သွားရောက် ကြည့်ရှုပေးထားတယ်လို့လည်း PNLO တပ်ဖွဲ့ကတဆင့် သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013