DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ပစ်ခတ် ပေါက်ကွဲမှုများဖြစ်ပြီး လုံခြုံရေးတိုးမြှင့်
DVB
·
December 5, 2023
ရန်ကုန်တွင် ပစ်ခတ် ပေါက်ကွဲမှုများဖြစ်ပြီး လုံခြုံရေးတိုးမြှင့်
Donate to DVB

ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၁ ရက်ကစပြီး ၅ ရက်နေ့အထိ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ ခရမ်း၊ မြောက်ဥက္ကလာပနဲ့ အလုံမြို့နယ်စတဲ့မြို့နယ်တွေမှာ သေနတ်ပစ်ခတ်မှု၊ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်တာကာလအတွင်း သင်္ဃန်းကျွန်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ သတ်ဖြတ်ခံရပြီး ရန်ကုန်တိုင်းအစိုးရ လွှတ်တော်ဝင်းနဲ့ ရန်ကင်းမြို့မရဲစခန်း၊ သုဝဏ္ဏနယ်မြေရဲစခန်း၊ ခရမ်းမြို့မရဲစခန်း၊ စစ်တပ်ဂိတ်စခန်းနဲ့ မြောက်ဥက္ကလာပမြို့နယ် ဗိုလ်မှူးနေအိမ်တို့ ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာ ဖြစ်နေတဲ့ မြို့နယ်တွေရှိတယ်၊ ခရမ်းမှာ ဖြစ်နေတာ သုံးကြိမ်လောက်ရှိပြီ။ ရန်ကင်းမြို့မရဲစခန်းနဲ့ လွှတ်တော်ဝင်းမှာ ဗုံးပေါက်သေးတယ်၊ မြောက်ဥက္ကလာမှာ ဗုံးပေါက်တာရော မပေါက်သေးတဲ့ဗုံးတွေ တွေ့တာရော။ အခုလို ဆက်တိုက်ဖြစ်နေတော့ လုံခြုံရေးကို တိုးပြီးချထားရတယ်။ အရင်နှစ်တွေက အပစ်ခံရတဲ့ မြို့နယ်တွေကို ပိုပြီး ဂရုစိုက်ရတယ်။ ဥပမာ မြောက်ဒဂုံရဲစခန်းလိုမျိုးပေါ့။”

သုဝဏ္ဏမြို့နယ် သံသုမာလမ်းမပေါ်ရှိ သုဝဏ္ဏနယ်မြေရဲစခန်းမှာ ဒီနေ့မနက် ၇ နာရီကျော်က ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဟာ စံပြစျေးတံတားနဲ့ ဘေလီတံတားဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးနေတယ်လို့ ငမိုးရိပ်ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“သင်္ဃန်းကျွန်းမှာ အခုလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတော့ စစ်တပ်ရော၊ ရဲရော လမ်းသွားလမ်းလာတွေကို စစ်ဆေးတာရှိတယ်။ မသင်္ကာရင် ရဲစခန်းခေါ်သွားပြီး ငွေညှစ်တာမျိုးတွေရှိတယ်။”

မြောက်ဥက္ကလာပမြို့နယ် ဝေဘာမြို့သစ် ၄ ရပ်ကွက်မှာရှိတဲ့ ဗိုလ်မှူးတယောက်ရဲ့နေအိမ်မှာလည်း ဒီဇင်ဘာ  ၃ ရက် မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့အပြင် ရွှေပေါက်ကံမြို့နယ်ရုံးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ့လို့  စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့တာ ရှိပါတယ်။

ဒီလိုနေ့စဥ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်က အထူးတပ်ဖွဲ့နဲ့ နယ်​မြေခံတပ်ရင်းတပ်ဖွဲ့တွေပေါင်းကာ လှည့်ကင်းလှည်နေပေမဲ့ လာ ရောက်ပစ်ခတ်သူတွေကိုတော့  ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အတွင်း ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ဥက္ကဋ္ဌ ဦးသန်းထွန်း သေဆုံးမှုကလွဲလို့ ကျန်ဖြစ်စဥ်တွေကို စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013