DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နှင့် ပုသိမ်တို့တွင်  စက်သုံးဆီ ပြတ်လပ်နေ
DVB
·
December 5, 2023
ရန်ကုန်နှင့် ပုသိမ်တို့တွင်  စက်သုံးဆီ ပြတ်လပ်နေ
Donate to DVB

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တော်တော်များများမှာ အခုရက်ပိုင်းအတွင်း ဓာတ်ဆီဝယ်ယူရာမှာ ဆီပြတ်လပ်မှုတွေ ရှိနေတာကြောင့် အချိန်အကန့်အကတ်နဲ့သာ ဝယ်ယူနေရတယ်လို့ အငှားယာဥ်မောင်းသူတွေနဲ့ တနိုင်အပိုင်လုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ မနက်ပိုင်းအချိန်တွေမှာ ဆီရောင်းချတာမျိုးမရှိ​ဘဲ နေ့ခင်းပိုင်းနဲ့ ညနေပိုင်းတွေမှသာ ရောင်းချနေကြကြောင်းနဲ့ တချို့ဆိုင်တွေမှာ ဆီရောင်းချမှု လုံးဝမရှိတော့​ကြောင်း အငှားတက္ကစီယာဥ်မောင်းတဦးက ပြောပါတယ်။

“၁ ရက်နေ့ကစပြီး နေ့လယ်ပိုင်းနဲ့ ညနေပိုင်းလောက်မှ ဆီဝယ်လို့ရတယ်။ ဒီနေ့သွားဝယ်တော့ ဆီထုတ်နေလို့ ဆိုပြီး စာကပ်ထားတယ်။ ဘယ်အချိန် ဆီရောက်ပြီး ဘယ်ချိန်ထိရောင်းပေးမလဲ ဆိုတာ မသိသေးဘူး။ နေ့လယ် ၁ နာရီလောက်ကသွားတာ သာကေတဘက်ထိ ရောက်သွားတယ်။ ကားထဲက ဆီကုန်မှာကြောက်လို့ အိမ်ပြန်လာပြီး နားလိုက်ရတယ်။”

အလားတူ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း စက်သုံးဆီ ပြတ်လပ်နေတာကြောင့် စက်သုံးဆီအရောင်းဆိုင်တချို့ အရောင်းပိတ်ထားသလို ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်တွေမှာလည်း ပုံမှန်ထက် ဈေးနှုန်းမြင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့မှာ ဒီဇင်ဘာလဆန်းကနေစပြီး စက်သုံးဆီ ဝင်ရောက်မှုနည်းပါးတာကြောင့် စက်သုံးဆီဆိုင်ကြီးများမှာ စက်သုံးဆီ ပြတ်လပ်မှုများရှိနေပြီး တချို့ဆိုင်များမှာ အရောင်းပိတ်ထားတယ်လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

“တချို့ဆိုင်ကြီးတွေက ဆီကုန်ပြီးဆိုပြီး ပိတ်ထားလိုက်တယ်။ တချို့ကျတော့လည်း အကန့်အသတ်နဲ့ပဲ ရောင်းကြတယ်။ ဆိုင်ကယ်ဆို တချို့ဆိုင်တွေဆို ၁ လီတာ တချို့ဆိုင်တွေဆို ၂ လီတာ အများဆုံးပဲ။ အခု ဆီဝယ်လို့ရနေတာ လမ်းဘေးဆိုင်သေးလေးတွေကနေပဲ ဝယ်လို့ရတော့တာ။”

ပုသိမ်မြို့ရှိ စက်သုံးဆီဆိုင်အများစုမှာ ပိတ်ထားရတာကြောင့် ဖွင့်လှစ်ထားတဲ့ဆိုင်တွေလည်း ပုံမှန်ထက် ဈေးနှုန်းမြင့်နေပြီး တလီတာကို ကျပ် ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိ ရှိနေပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုနေပြီး ဈေးနှုန်းမြင့်တက်လာတာကြောင့် အသေးစားလုပ်ငန်းတွေ၊ ဆိုင်ကယ်တက္ကစီ၊ အိုးဝေနဲ့ ခရီးသည်တင်ကားပြေးဆွဲသူတွေ အခက်အခဲရှိလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သုံးဘီးတို့ တက္ကစီတို့ဆိုရင် ဆီဈေးတက်လို့ နားလိုက်တာ ရှိတယ်။ ဆက်ဆွဲနေတဲ့သူတွေတော့ ရှိပါတယ်။ စက်သုံးဆီကို တန်းစီစောင့်ဝယ်ရတာ၊ လိုသလောက် ဝယ်မရတာနဲ့ ဈေးတွေ တက်လာတာလို့ ခရီးစရိတ်‌တွေက တော်တော်တက်တယ်။ အာဏာမသိမ်းခင်နဲ့ယှဉ်ရင်တော့ ၃ ဆလောက် တက်တယ်။”

မြန်မာတနိုင်ငံလုံးရှိ နေရာအနှံ့အပြားမှာလည်း လမ်းခရီးအခက်အခဲတွေနဲ့ တိုက်ပွဲတွေကြောင့် စက်သုံးဆီ ဝင်ရောက်မှုနည်းပါတာကြောင့် စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်နေတာကြောင့် ရောင်းချပေးမှုမရှိခဲ့တဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီတင်သင်္ဘောတွေ သီလဝါ ဆိပ်ကမ်းကို အဆက်မပြတ် ရောက်ရှိ​လာပြီး အရန်ဆီတွေလည်း အလုံအလောက်ရှိကြောင်းနဲ့ ရောင်းချခြင်းမရှိတဲ့ ဆီဆိုင်တချို့ကို အရေးယူထားကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သီလဝါ Terminal တွေမှာ စက်သုံးဆီ ပြတ်လပ်နေတာကြောင့် အရန်ဆီတွေကို ထုတ်ပေးနေရပြီး လုံလုံလောက်လောက် ထုတ်မပေးနိုင်တဲ့အပေါ် ဆီဆိုင်တွေအနေနဲ့ ယာယီ ဆိုင်ပိတ်ထားရကြောင်း စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ စက်သုံးဆီတင်သွင်းဖို့ လိုအပ်တဲ့ အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ ရောင်းချခြင်းမပြုတော့တာကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ 92 တစ်လီတာ ၂၁၇၀ ကျပ်နဲ့ 95 တစ်လီတာ ၂၃၀၀ ကျပ်ရောင်းချခဲ့ရာက ဒီဇင်ဘာ ၁ ရက်နေ့တွင် 92 ဓာတ်ဆီ တစ်လီတာကို ငွေကျပ် ၂၅၁၀ ကျပ်နဲ့ 95 ဓာတ်ဆီ တစ်လီတာကို ငွေကျပ် ၂၆၄၀ ကျပ်အထိ ဓာတ်ဆီစျေး တစ်လီတာ ၃၄၀ ကျော် ခုန်တက်သွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013