DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ဘေးဒုက္ခသည်များကို လက်ခံရန် အသင့်ရှိနေဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော
DVB
·
December 4, 2023
မြန်မာစစ်ဘေးဒုက္ခသည်များကို လက်ခံရန် အသင့်ရှိနေဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော
Donate to DVB

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ အခုထက်ပိုမိုပြင်းထန်လာခဲ့ရင် နယ်စပ်တလျှောက် စစ်ဘေးဒုက္ခသည်တွေကို လက်ခံသွားဖို့ အမိုးအကာတွေ ဆောက်လုပ်ပေးဖို့ အသင့်ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဗဟီးဒါနူကာရာက ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၃ ရက်မှာ ခုလို အတည်ပြု ပြောကြားလိုက်တာဖြစ်ပြီး ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ဒီပဋိပက္ခတွေအတွင်း ပတ်သက်နေကြတဲ့ အဖွဲ့တွေအားလုံး ရန်လိုနေကြတာ တွေကို အဆုံးသတ်ကြပြီး အမြန်ဆုံး ဆွေးနွေးညှိနှိုင်းကြဖို့လည်း တောင်းဆိုပါတယ်။ 

“အခုလက်ရှိအခြေအနေအောက်မှာတော့ စစ်ဘေးဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ရောက်လာနိုင်စရာ မရှိသေးပါဘူး။ ဒါပေမဲ့ တကယ်လို့များ အခုအချိန်ကစပြီးတော့ ထိတွေ့တိုက်ပွဲတွေ တိုးလာခဲ့ရင်တော့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံတခု တည်းတင် မဟုတ်တော့ပဲ လားရာအနှံ့ကို ထွက်လာနိုင်ကြပါတယ်”

ပြီးခဲ့တဲ့ စနေနေ့က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ကုန်ကားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ လမ်းတွေပိတ်ပြီး သောင်တင်နေကြရပါတယ်။

ထိုင်းနိုင်ငံ တပ်မဟာ ၃ ရဲ့ တပ်မှူး ဒုဗိုလ်ချုပ်ကြီး ပရာဆန်ဆန်းဂ်ဆီရိရက်ခ်ကတော့ လတ်တလော မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲက ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု မရှိသေးကြောင်းနဲ့ တကယ်လို့ မြန်မာစစ်ဘေးဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ရင် သူတို့ဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ ထုတ်ပြန်ချက်တွေအရတော့ ထိုင်းနိုင်ငံ ယာယီဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက ဝင်ရောက်ခိုလှုံနေကြတဲ့ ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ကျော် ရှိနေပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအပြီး မဲဆောက်နဲ့ ထိုင်းနိုင်ငံ တဝန်းမှာ အရေအတွက် မဖော်ပြနိုင်တဲ့ တခြား ဒုက္ခသည်တွေ ခိုလှုံပုန်းအောင်း နေကြရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ လာရောက် ခိုလှုံခဲ့တဲ့ မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော် ရှိခဲ့တယ်လို့ ထိုင်းအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး သူတို့အားလုံးနီးပါး မြန်မာနိုင်ငံဆီ ပြန်သွားကြပြီလို့ ယုတ္တိမဲ့ ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒုက္ခသည်တွေကို အသိအမှတ်ပြု လက်ခံ ကာကွယ်ပေးထားတဲ့ ထိရောက်တဲ့ ဥပဒေမူဘောင် မရှိတာကြောင့် ဒုက္ခသည်တွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု၊ ဒါမှမဟုတ် နေထိုင်မှု စတဲ့ ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်နေကြရကာ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရတဲ့အပြင် ထိုင်းနိုင်ငံမှာ တရားဝင်အခြေအနေမရှိတာက ရွှေ့ပြောင်း အလုပ်သမားတွေ အသုံးပြုတဲ့ ပြည်သူ့ကျန်းမာရေးအာမခံ အစီအစဉ်မှာ လည်း အကျုံးမဝင်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ် စာချုပ်နဲ့ သူ့ရဲ့ ပရိုတိုကောကို နှောင့်နှေးခြင်းမရှိဘဲ အတည်ပြုလက် မှတ်ရေးထိုးသင့်ပြီး တချိန်တည်းမှာပဲ တရားဝင် မှတ်ပုံတင်တာ၊ ယာယီအကာအကွယ် ပေးနိုင်တဲ့ အခြေအနေ တရပ် ဆောင်ရွက်ပေးတာ၊ မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို တန်းတူရရှိခွင့် ပေးသင့်တယ်လို့လည်း Forty Rights အဖွဲ့က တောင်းဆိုထားပါတယ်။

သိပ်မကြာခင်ကလည်း ကရင်နီဒေသကနေ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအစိုးရ အာဏာပိုင်တွေက မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့ပြီး ဒါကို ရပ်တန့်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာစစ်အုပ်စုက အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ မတရားဖမ်းဆီးတာတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ အရပ်သားပြည်သူတွေကိုပါ ခွဲခြားဆက်ဆံမှု ကင်းမဲ့တဲ့ တိုက်ခိုက်မှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၂ သန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့အပြင် ဒုက္ခသည် ၉၅,၀၀၀ ကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

Source: BangkokPost

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013