DVB Logo
Home
မြန်မာသတင်း
မုံရွာ ကြာပိုင်ရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်
DVB
·
December 4, 2023
မုံရွာ ကြာပိုင်ရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ဘက်ခြမ်းက ကြာပိုင်ရွာကို ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်ပြီး အမျိုးသား ၁၁ ယောက်ကို တိုက်တခုထဲမှာ ပိတ်လှောင် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေက မီးရှို့တာကြောင့် ကြာပိုင်ရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အမျိုးသမီး ၂ ယောက် အပါအဝင် ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲဖြစ်တယ်လို့ မုံရွာခရိုင် တပ်ရင်း-၅ တာဝန်ရှိသူ ကိုအောင်ရှင်းက ပြောပါတယ်။

“ကျနော်တို့ဆီ နောက်ဆုံးရထားတာကတော့ ၁၁ ယောက် အသတ်ခံထားရတယ်။ မနေ့က နယ်မြေရှင်းလင်းရေး လုပ်တာကတော့ နောက်ထပ် ၂ ယောက် ပျောက်တယ်ပြောတယ်။ ပျောက်ဆုံးနေတဲ့ အမျိုးသမီး ၂ ယောက်နဲ့ ပတ်သက်ပြီးတော့ သတင်းတော့ ထပ်မရသေးဘူး။ နေအိမ်ကတော့ အလုံး ၁၀၀ ကျော် မီးရှို့ခံရတယ်။ မုံရွာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီအခေါ် ပြည်သူ့စစ်ရွာ တောပုကနေထွက်ပြီး ရှို့တာပေါ့။ ၁၁ ဦးကတော့ အမျိုးသားတွေချည်းပဲ။ နောက်ထပ် တချို့ ပျောက်ဆုံးနေတဲ့ဟာတွေ ရှိသေးတယ်လို့ ဒေသခံတွေက ပြောတယ်။” 

အဲဒါနဲ့ပတ်သက်ပြီးတော့  စစ်ကောင်စီတပ်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသလို စစ်ကောင်စီပြန်ကြားရေးကလည်း ငြင်းဆိုတဲ့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်က ရွာသားတွေကို တိုက်အိမ်ထဲမှာ အလုံပိတ်ပြီးတော့မှ ရက်ရက်စက်စက်  အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာ ဖြစ်တယ်လို့  မုံရွာခရိုင် တပ်ရင်း-၅ တာဝန်ရှိသူ ကိုအောင်ရှင်းက ပြောပါတယ်။

“ဒေသခံတွေ ပြောကြားချက်အရ အသက် ၄၀ အောက် ယောကျ်ားလေးမှန်သမျှ သတ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က တောက်လျှောက်ဝင်လာတာပေါ့နော်။ ကြာပိုင်ရွာထဲမှာရှိတဲ့ ပြည်သူတွေက ရှောင်တိမ်းချိန်မရလိုက်ဘဲ ယောကျ်ားလေးတော်တော်များများ ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့ ယောကျ်ားလေးတွေ သတ်ဖြတ်ခံရတယ်။ အသက်အရွယ်အားဖြင့် ၅၃ နှစ်အရွယ် အမျိုးသားတဦးလည်း ပါတယ်။ ကျန်တာကတော့ အသက် ၄၀ နဲ့ ၁၈ ကြားထဲက ဟာတွေပေါ့။ မှုခင်းဆရာဝန်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ အလောင်းတွေ ယူဆချက်အရ တိုက်အိမ်ထဲမှာ အလုံပိတ်ပြီးတော့မှ အရှင်လတ်လတ် မီးရှို့တယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။”

ဒီဇင်ဘာ ၁ ရက်နေ့က ကြာပိုင်ရွာနဲ့ ပျူစောထီးရွာ တောပုတို့အကြားက စစ်ကောင်စီကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးခဲ့တာကြောင့် စစ်ကောင်စီက အခုလို လက်တုံ့ပြန်ခဲ့တာပါ။

ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သားတွေ ကြာပိုင်ရွာထဲက ပြန်ထွက်သွားပြီး ညနေ ၃ နာရီဝန်းကျင် ရွာသားတွေ ရွာထဲကိုပြန်ဝင်ချိန်မှာ မီးရှို့သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ကြာပိုင်ရွာမှာ မီးရှို့သတ်ခံရသူတယောက်ရဲ့ အစ်ကိုဖြစ်သူက “ကျနော့်ညီလေး မီးရှို့ အသတ်ခံရတာ အရှင်လတ်လတ်။ ကျနော်က ချစ်လို့မို့ PDF ထဲ ဝင်ချင်တာတောင်မှ မဝင်ခိုင်းဘူး၊ သူက ဝင်ချင်တာ။ တောပုရွာတရွာလုံးကို မီးရှို့ သတ်ပစ်ချင်တယ် အကုန်လုံးကို။ ရွာ့တောင်ဘက်မှာ ကျနော်တို့လယ် ရှိတယ်။ မောင်နှမ နှစ်ယောက်လုံး ဖမ်းသွားတာ ကျနော့်အမနဲ့ ညီလေးပေါ့ဗျာ။ မမကို ကန်တယ် ရိုက်တယ်တဲ့။ ညီလေးက အမ မလုပ်ပါနဲ့ဗျာ၊ ကျနော့်လုပ်ပါလို့ ပြောလိုက်တာတဲ့။ အမကို ပြန်လွှတ်လိုက်တော့ ခင်ဗျားမောင်လေးကို ကျနော်တို့ ပြန်လွှတ်မှာပါတဲ့၊ ခဏလေး ခေါ်သွားဦးမယ်တဲ့၊ အဲဒီကောင်တွေက အဲဒီလိုပြောတယ်” လို့ ဆိုပါတယ်။

ကြာပိုင်ရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး လက်ကျန်ရွာသားတွေဟာ ရွာထဲမှာ မနေရဲတော့ဘဲ စွန့်ခွာထွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြာပိုင်ရွာဖြစ်စဉ်ဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လူသားမဆန်တဲ့ စစ်ရာဇဝတ်မှုတွေထဲက တခုဖြစ်တယ်လို့ မုံရွာနယ်ခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက သုံးသပ်ပါတယ်။

“ဂျာပိုင်လို့ ခေါ်တာပေါ့နော်၊ စာလုံးပေါင်းတော့ ကြာပိုင်လို့ ပေါင်းတယ်။ ကပ်ရက်မှာ တောပု ဆိုတဲ့ ပျူရွာရှိတယ်ဗျာ။ ပျူရွာနဲ့ ကြာပိုင်ရွာနဲ့ကလည်း လူမှုရေးအရ အဆက်အဆံတွေ ရှိတယ်လို့တော့ ကြားရတယ်။ ပျူရွာဘက်က အကြမ်းဖက်စစ်သားတွေကလည်း လာပြီဆိုတာနဲ့ ကြာပိုင်ရွာထဲကို ဝင်လာတာတွေ ရှိတယ်။ သူတို့ပစ္စည်း အထုပ်သယ်၊ အထုပ်ထမ်းခိုင်းတာတွေ ရှိတယ်ပေါ့။ အရင်တုန်းကတော့ ဒီကြာပိုင်ရွာအပေါ်မှာ သူတို့ ရန်ပြု ရန်ရှာတာ မရှိဘူး။ ကြာပိုင်ရွာသားတွေက အရင်တုန်းကလည်း ဘာမှမလုပ်ပါဘူးဆိုတဲ့ပုံစံနဲ့ အယုံလွယ်တာပေါ့။ ဟိုတလောလေးကပဲ တောပုပျူရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက အထူးမစ်ရှင်တခု ဆောင်ရွက်လိုက်တယ်ဗျာ။ မစ်ရှင်ပြီးတဲ့နောက်ပိုင်းမှာ တောပုပျူရွာဘက်က စစ်ခွေးတွေနဲ့ ပျူတွေပေါင်းပြီး ကြာပိုင်ရွာဘက်ကို ဝင်တယ်။ ပြည်သူတွေကတော့ ခါတိုင်းလိုပဲ လာနေကျ၊ သွားနေကျ၊ ငါတို့တော့ ဘာမှမလုပ်လောက်ပါဘူး ဆိုပြီးတော့ အယုံလွယ်ပြီး မရှောင်မတိမ်းကြတဲ့ အချိန်မှာ အမျိုးသားတွေကို ဖမ်းပြီးတော့ တိုက်တလုံးထဲမှာ အရှင်လတ်လတ် သတ်သွားတာဗျ။”

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းကစပြီး စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီစခန်းတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက် ထိုးစစ်ဆင်နေတာပါ။ ထိုးစစ်ဆင်တာနဲ့ တပြိုင်တည်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီစခန်းတွေနဲ့ ဝေးရာမှာ ရှောင်ရှားနေထိုင်ကြဖို့၊ သတိနဲ့သွားလာကြဖို့၊ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်တွန်း မေတ္တာရပ်ခံချက်တွေကို လိုက်နာပြီး သတင်းထုတ်ပြန်ချက်တွေကို မပြတ်နားထောင်ဖို့ ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013