DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်ပုံမှန်မဆင်းရသည့် MOU မြန်မာလုပ်သား ၁၇ ဦး အကူအညီတောင်းခံ
DVB
·
December 4, 2023
ထိုင်းတွင် အလုပ်ပုံမှန်မဆင်းရသည့် MOU မြန်မာလုပ်သား ၁၇ ဦး အကူအညီတောင်းခံ
Donate to DVB

ထိုင်းနိုင်ငံ၊ နခွန်ရက်ချစီမာခရိုင်၊ ဆူရာနာရီမြို့မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ လာရောက်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၁၇ ဦး လုပ်ငန်းခွင်အတွင်း အလုပ်ပုံမှန်မဆင်းရတာကြောင့် WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီ တောင်းခံခဲ့တယ်လို့ ကာယကံရှင် အလုပ်သမားတွေထံက သိရပါတယ်။

မြန်မာအလုပ်သမား ၁၇ ဦးဟာ ထိုင်းနိုင်ငံ၊ ဆူရာနာရီမြို့ရှိ CTJ-International Group ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံမှ Carrier Worker ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အဆိုပါစာချုပ် ချုပ်ဆိုပြီးတဲ့နောက် Carrier Worker ကုမ္ပဏီက မြန်မာအလုပ်သမားတွေကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပို့ဆောင်ပေးခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့မှာ မြန်မာအလုပ်သမားတွေက လုပ်ငန်းခွင်အတွင်း ရောက်ရှိလာပြီး အခုအချိန်ထိ အလုပ်ပုံမှန်မဆင်းရဘူးလို့ ကာယကံရှင် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

ကာယကံရှင် မြန်မာအလုပ်သမားတဦးက “ကျနော်တို့ အလုပ်ပုံမှန်မဆင်းရဘူး။ အလှည့်ကျ မဲနှိုက်ပြီး တရက်ကို ၄ ယောက် ၅ ယောက်ပဲ ဆင်းရတယ်။ ကျနော်တို့ကို ပေးထားတဲ့ နေရာကလည်း လူဟောင်းတွေနဲ့ တခန်းထဲ ၂၅ ယောက်စီ နေရတယ်။ အိမ်သာတွေလည်း မရှိဘူး။ အလုပ်ပုံမှန်မဆင်းရတော့ စားဝတ်နေရေးလည်း ခက်ခဲတာပေါ့” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာအေးဂျင့်ဆီ တဦးကို မြန်မာငွေ ကျပ် ၂၈ သိန်းစီပေးပြီး လာရောက်လုပ်ကိုင်ခဲ့တာပါ။

“ကျနော်တို့ဘက်ကတော့ အလုပ်ပုံမှန်ဆင်းရအောင် လုပ်ပေးဖို့၊ အလုပ်မပေးနိုင်တဲ့ ရက်တွေမှာလည်း ကျနော်တို့ကို စာချုပ်ပါအတိုင်း ငွေပြန်လည်ပေးချေဖို့နဲ့ အလုပ်ပုံမှန်မပေးနိုင်ရင် တခြားဆိုက်မှာ အလုပ်ပေးနိုင်ဖို့ တောင်းဆိုထားပါတယ်” လို့ ကာယကံရှင် အလုပ်သမားတဦးက ပြောပါတယ်။

အဆိုပါလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမားပေါင်း ၁၀၀ နီးပါးလောက်ရှိပြီး MOU စနစ်နဲ့ လာရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေအပြင် အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေလည်း အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။

WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုမုန်တိုင်းက “ကျနော်တို့အနေနဲ့ သူတို့အေးဂျင့်ကို ချိတ်ဆက်နေတယ်။ သူတို့ဘက်က အလုပ်သမားတွေအပေါ်မှာ မထီလေးစား ပုံစံမျိုးနဲ့ ပြောဆိုတာတွေတော့ ရှိတယ်။ ကျနော်တို့ဘက်ကလည်း စောင့်ကြည့်နေတယ်။ တာဝန်ယူ မဖြေရှင်းပေးဘူး ဆိုရင်တော့ မြန်မာအေးဂျင့်နဲ့ အလုပ်ရှင်ကို ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေ  အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအေးဂျင့်နဲ့  ထိုင်းအလုပ်ရှင်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013