DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရ၊ ပလက်ဝတိုက်ပွဲတွင် စစ်တပ်က ဓာတုဗုံး အသုံးပြု
DVB
·
December 4, 2023
မောင်တောနယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရ၊ ပလက်ဝတိုက်ပွဲတွင် စစ်တပ်က ဓာတုဗုံး အသုံးပြု
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော-အလယ်သံကျော်လမ်းရှိ နုရ်လာ နယ်ခြားစောင့်စခန်းကို ဒီဇင်ဘာ ၄ ရက် မနက် ၆ နာရီလောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) က ဝင်တိုက်ခဲ့ကြောင်း မောင်တောမြို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၆ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆူညံစွာ ကြားရတယ်ဗျ။ မောင်တောတမြို့လုံး လန့်နိုးသွားရတာပေါ့။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာမျိုး ဆူညံစွာကြားရတာ။ နောက်ပြီး စက်သေနတ်ပစ်သံတွေပါ ကြားရတယ်။ စုံစမ်းကြည့်တော့ အလယ်သံကျော်သွားလမ်းက နုရ်လာ နယ်ခြားစောင့်စခန်းကို အေအေဘက်က ဝင်တိုက်နေတာ။”

အဲဒီတိုက်ပွဲအတွင်း နခခ ၅ က လက်နက်ကြီးတွေ ဆက်တိုက်ပစ်သံကြောင့် မောင်တောတမြို့လုံး စိုးရိမ်ထိတ်လန့်ခဲ့ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မောင်တော-အလယ်သံကျော်လမ်းမှာ နုရ်လာ နယ်ခြားစောင့်စခန်း၊ ဂေါ်ဒူသာရစခန်း၊ ကိုင်းကြီးစခန်း နဲ့ အလယ်သံကျော် နယ်မြေစခန်း စတဲ့စခန်းတွေ ရှိနေကြတာပါ။

စစ်ရေးလေ့လာသူ မောင်တောဒေသခံတဦးက “အေအေတပ်တွေက စခန်းတွေကို ဝင်တိုက်ပြီး သူတို့အထိုင်နေတာလည်း မရှိဘူးဗျ။ အထိုင်ချနေရင်လည်း လက်နက်ကြီးကျလာမယ်။ မဟုတ်ရင် လေကြောင်းနဲ့ လာတိုက်ခံရနိုင်တယ်လေ။ ဒီနေ့မနက်မှာလည်း အလယ်သံကျော်လမ်းမှာရှိတဲ့ နုရ်လာ နယ်ခြားစောင့်စခန်းကို ဝင်တိုက်တယ်။ အသေအပျောက်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

မောင်တောမြို့နဲ့ ၈ မိုင်ခန့်ဝေးတဲ့ ကိုင်းကြီး အထိုင်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၂၅ ရက် မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးကာ နယ်ခြားစောင့် ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ မောင်တော-အငူမော်လမ်းရှိ ဗောဓိကုန်းကင်းစခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၂၈ ရက် မနက် ၆ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ချင်းပြည်နယ်၊ ပလင်ဝမြို့နယ်အတွင်း စစ်ကောင်စီ အခိုင်အမာ အထိုင်ချထားတဲ့  တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာ စခန်းကုန်းကြီး ၂ ခု အား ရက္ခိုင့်တပ်တော် (အေအေ) က  နိုဝင် ၁၄ ရက်ကစတင် တိုက်ခိုက်နေပြီး ဒီဇင်ဘာ ၃ ရက်မှာတော့ စစ်ကောင်စီက ဓာတုဗုံးတွေ အသုံးပြုခဲ့တယ်လို့ ရက္ခိုင်တပ်တော်က ဒီဇင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီ ၃၈ မိနစ်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစီးနဲ့ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါ ဗုံးတွေကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး အပြင်းထန်ဆုံးခုခံနေကာ ရက္ခိုင့်တပ်တော်အနေနဲ့ အဆိုပါ ဗျူဟာကုန်း ၂ ခုစလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အား ဆက်လက်အရှိန်မြှင့်တင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင်တပ်တော်အေအေ လွှမ်းမိုးရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အား စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့လယ်ကစပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ကျေးရွာ ၂ ရွာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်က ခမောင်းတောကျေးရွာနဲ့ ရဲရိုးပြင်ရွာကို နေ့လယ် ၂ နာရီအချိန်လောက်မှာ  အင်အား ၁၀၀ ကျော် လောက်ရှိတဲ့ ဇက်နေဗီ နဲ့ ကူးလာပြီး  ရွာတွေ ကို သေနတ်ပစ်ဝင်တယ်။ နေအိမ်တွေကို မီးရှို့လိုက်ကြတယ်" လို့ မျက်မြင်ရဲရိုးပြင် ကျေးရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မီးရှို့တာကြောင့် ခမောင်းတောနဲ့ ရဲရိုးပြင် အနီးတဝိုက်မှ အောင်မြေကုန်း၊ ‌အောင်ဇေယျ၊ ဆားတောင်ပုတ်၊ ကန်ချောင်း စတဲ့ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၂၀၀၀ လောက် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက် နေ့လယ်ကလည်း စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့မဈေးနဲ့ ပေါက်တောမြို့ရှိ နေအိမ်အများပြား မီးလောင်ဆုံးရှုံးခဲ့ကြရပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ကနေ ၃၀ ရက်အထိ တကျော့ပြန်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သား ၃၀ ကျော် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မဟာမိတ်ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပေါက်တောမြို့ခံတဦးက “လက်ရှိမြေပြင်မှာ ဒါထက်များနိုင်တယ်။ စစ်တလင်းပြင်ဖြစ်နေတဲ့ ပေါက်တော တမြို့တည်းမှာတောင် အရပ်သားပြည်သူ ၃၀ ထက်မနည်း သေဆုံးသွားနိုင်တယ်။ ကျနော်တို့လည်း ပြေးလွားနေကြရတာဆိုတော အတိအကျ ဘယ်လိုမှမသိနိုင်ဘူးဗျ" လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် အေအေ နဲ့ ဆက်စပ်ပတ်သက်တယ် စွပ်စွဲချက်နဲ့ စစ်ကောင်စီက အပြစ်မဲ့ အရပ်သား ၈၁ ဦးအထိ အင်အားသုံး ဖမ်းဆီးထားပြီး အဲဒီအထဲက ၂၂ ဦးသာ လွတ်မြောက်လာသေးတယ်လို့ သိရပါတယ်။

ရခိုင်စစ်ရေးနိုင်ငံရေးလေ့လာသူတဦးက "ဖမ်းဆီးခံရတာထက် ထွက်ပြေးနေရသူတွေက ရခိုင်ပြည်နယ်အနှံ့က မြို့တိုင်းမှာ ရှိနေတာ။ လွတ်မြောက်လာတာဆိုလို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူတွေပဲရှိတယ်" လို့ ပြောပါတယ်။

အလားတူ ကိုးကန့်၊ အထူးဒေသ ၁ အတွင်းမှာလည်း အပြစ်မဲ့အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့သလို တအာင်းဒေသမှာလည်း အရပ်သား ၆၀ ကျော် သေဆုံးခဲ့ရပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013