နယူးယောက်မြို့ အထက်အရှေ့ပိုင်းရပ်ကွက်မှာ လူ ၅ ယောက် သေဆုံးပြီး ၈၂ ယောက် ဖျားနာခဲ့ရတဲ့ လီဂျင်နဲရောဂါ ဖြစ်ပွားမှုရဲ့ မူလရင်းမြစ်နေရာတွေကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီလို့ တာဝန်ရှိသူတွေက ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့ အအေးပေးမျှော်စင် (Cooling towers) တွေကို ဆေးကြော ပိုးသတ်အပြီးမှာ ပြောကြားခဲ့တာပါ။
နယူးယောက် မြို့တော်ဝန် ဇိုရန် မမ်ဒါနီရဲ့ ပြောကြားချက်အရ လူနာ ၅၆ ယောက် ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး ၁၃ ယောက်က ဆေးရုံတက်ဖို့ မလိုခဲ့ဘဲ ၈ ယောက်ပဲ ဆေးရုံမှာ ကျန်ပါတော့တယ်။
၁၀ ရက်ကျော်ကတည်းက ရောဂါလက္ခဏာအသစ် မတွေ့ရတော့သလို လူတယောက်ဆီကနေ ကူးစက်တာမဟုတ်လို့ ရေပိုက်ရေ၊ ရေချိုးခန်းနဲ့ လေအေးပေးစက်တွေကို ပုံမှန်အတိုင်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ဒီတကြိမ်မှာ မြို့တော် ကျန်းမာရေးဌာနဟာ အရင်ကလို လူနာ ၃ ယောက်ပြည့်တဲ့အထိ မစောင့်နေတော့ဘဲ ဇူလိုင် ၂ ရက်မှာ လူနာ ၂ ယောက်တည်း ရှိသေးချိန်ကတည်းက မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးခဲ့တာပါ။
ဒါ့အပြင် ၂ ပတ်ကြာတဲ့ ရောဂါပိုး မွေးမြူစစ်ဆေးမှု (Culture test) ကို မစောင့်ဘဲ ချက်ချင်းအဖြေသိရတဲ့ PCR test ကိုပါ ပြိုင်တူသုံးခဲ့လို့ အအေးပေးမျှော်စင်တွေကို အမြန်ဆုံး ဆေးကြော ပိုးသတ်နိုင်ခဲ့ပါတယ်။
အနာဂတ်မှာ ရောဂါပိုး ကာကွယ်နိုင်စွမ်း မကျဆင်းစေဖို့အတွက်လည်း မျှော်စင်အားလုံးကို မလိုအပ်ဘဲ သိမ်းကျုံး ပိုးသတ်တာမျိုး မလုပ်ခဲ့ဘူးလို့လည်း မြို့တော်ဝန်က ရှင်းပြပါတယ်။
ကျန်းမာရေးကော်မရှင်နာ ဒေါက်တာ အလီစ်တာ မာတင်က အဆောက်အအုံတွေရဲ့ အေးမြမှုကို ထိန်းညှိပေးတဲ့ အအေးပေးမျှော်စင်တွေဟာ ပူအိုက်တဲ့ ရာသီဥတုမှာ လီဂျင်နဲလာ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားရာနေရာ ဖြစ်သွားနိုင်ပြီး အအေးပေးစက်တွေ အလွန်အမင်း လည်ပတ်ရချိန်မှာ ပိုးမွှားပါတဲ့ ရေခိုးရေငွေ့တွေကို ပျံ့နှံ့စေတာလို့ ရှင်းပြပါတယ်။
မြို့တော်အတွင်းရှိ အအေးပေးမျှော်စင် ၁၈၃ ခုကို စစ်ဆေးခဲ့ရာမှာ PCR စက်နဲ့ စစ်ဆေးချက်အရ ၇၆ ခုမှာ ဗက်တီးရီးယားရဲ့ DNA တွေ့ခဲ့ရပြီး အဓိက ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယားအရှင် တွေ့ရှိရတာကတော့ အအေးပေးမျှော်စင် ၃၄ ခု ဖြစ်ပါတယ်။
အဆိုပါ ဘက်တီးရီးယားဟာ နေရာတိုင်းမှာ ရှိနေတတ်တာကြောင့် အဓိက မူလရင်းမြစ် ပင်မမျှော်စင် ၁ ခု သို့မဟုတ် ၂ ခုကို အတိအကျ ဖော်ထုတ်နိုင်ဖို့ တွေ့ရှိရတဲ့ ဘက်တီးရီးယားအရှင် နမူနာတွေကို လူနာတွေရဲ့ နမူနာနဲ့ မျိုးဗီဇတွေနဲ့ ဆက်လက် တိုက်ဆိုင်စစ်ဆေးနေပါတယ်။
ရောဂါကူးစက်နိုင်ခြေ မူလရင်းမြစ်ကို ဖယ်ရှားပြီးပြီ ဖြစ်ပေမဲ့ အခုလို အုပ်စုလိုက် ကူးစက်မှုတွေမှာ အဓိက တရားခံက မျှော်စင် ၁ ခု သို့မဟုတ် ၂ ခုပဲ ဖြစ်လေ့ရှိတာကြောင့် ဘယ်မျှော်စင်က ရောဂါကို အဓိက စတင်ပြန့်ပွားစေခဲ့တာလဲ ဆိုတာ အတိအကျ ဖော်ထုတ်သွားမယ်လို့လည်း ဒေါက်တာ မာတင်က ပြောပါတယ်။
Source: Reuters











