DVB Logo
Home
Lead Story
ဖား၊ ငါး ကွဲချိန်
DVB
·
December 4, 2023
ဖား၊ ငါး ကွဲချိန်
Donate to DVB

ဆင်သားချိုလှ၊ ပင်လယ်ဝ

ငါကွ ကြွေးကြော်သည်။

ဆင်သားပုပ်အက်၊ ပင်လယ်နက်

မှားချက် ပြင်းလေပြီ။

ဖားလားငါးလား၊ လွန်ထင်ရှား

ကွဲပြား လာချေပြီ။    ။

ကြောင်ကြာကြာရေငုပ်လို့ မရနိုင်သလို ဖားလား၊ ငါးလားလည်း ကွဲပြားလာခဲ့ပါပြီ။ ကလေးတွေပြောသလို မရှက်ရတဲ့ဘက်ပဲ ရပ်နေကြသူ အများအပြား ရှိနေပါတယ်။ ရှေ့ဆက်လျှောက်ကြတဲ့အခါ ငါ ဘာလုပ်ခဲ့တယ်ဆိုတာ ကိုယ့်မျိုးဆက်ကို ကိုယ် ဂုဏ်ယူစွာ ပြောနိုင်သူတွေ ဖြစ်ကြစေချင်ပါတယ်။ နိုင်မြင်းလောင်းခဲ့တယ် မစွပ်စွဲချင်ပေမဲ့ ဘယ်မြင်းလောင်းရမယ်ဆိုတာ ခုထိ မသိရင်သေးရင်တော့ မင်းအပြစ်ပဲ ဖြစ်ပါလိမ့်မယ်။ ဆင်‌သေကောင်ဟာ ပင်လယ်နက်ကို ပိုရောက်လာလေလေ ပိုမိုပုပ်ပွလာပြီး ခိုနားလို့ မဖြစ်နိုင်တော့တဲ့ အနေအထားပါ။ မနေ့ကထိ မင်းဘာလုပ်ခဲ့ပါစေ၊ ဒီနေ့ကစ ကိုယ်အသက်ကို ကိုယ်ရှင်သန်၊ ရှင်ကျန်အောင် ကိုယ့်ဘာသာ စောင့်ရှောက်ဖို့ အကြံပေးပါရစေ။ နေတတ်၊ ထိုင်တတ်ဖို့လည်း သင်ယူပါ။ ဖားတပိုင်း ငါးတပိုင်းကနေ သဲသဲကွဲကွဲ ကွဲပြားလာဖို့က မင်းတာဝန်၊ မင်းသမိုင်း၊ မင်းမျိုးဆက် သမိုင်းပါပဲ။

အခွင့်အရေးဆိုတာ နှစ်ခါရခဲသလို အခွင့်အရေးလာချိန် ဘုံဆိုင်တော့ ရောက်မနေပါစေနဲ့ ကိုယ့်လူ။ ဒီလိုပြောလို့ မင်းစိတ်ဆိုးခဲ့ရင်တောင် မင်းအတွက်ပဲဆိုတာ သိပါစေ။ ရန်သူက ရန်သူပီသပေမဲ့ လူတွေက လူပီသကြတာ ကံကောင်းတယ်မှတ်ပါ။ လူတွေ ပိုများလာဖို့ကတော့ အားလုံးတာဝန်ပါပဲ။ လူတွေပေါများလာမယ့် လူ့အသိုင်းအဝိုင်းကို ဖောင်ဖျက် တည်ဆောက်ခဲ့ရသူတွေအတွက် ပေးဆပ်ခဲ့ရတာတွေက တချို့တွေ ပြန်မရနိုင်တော့ဘူးလေ။ သူပုန်ဝင်လို့ ရွာပျက်ရတယ် ပြောနေသူတွေကို တခုတော့ ပြန်ပြောပါရစေ။ သူပုန် ဘာကြောင့်ထရတယ် ဆိုတာထိ ဆက်တွေးတတ်ဖို့ ဆက်လက်သင်ယူဖို့ လိုနေပါပြီ။ (ဒီလိုပြောရင်းက “ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်” ဆိုတဲ့ သံပေါက်ကဗျာလေးကို သတိရလာမိတယ်။) ဘယ်သူက ပိုတရားဝင်လဲ ဆိုရင်တော့ တော်ရုံပဲတုံးပါလို့ ပြောပေးပါ ကိုယ့်လူ။ ခုခေတ်က အကြောက်တရားနဲ့ မျက်စိပိတ်၊ နားပိတ် အနိုင်ကျင့်လို့ရတဲ့ခေတ် ကုန်ခဲ့ပါပြီ။ ခုချက်ချင်းသာ နိုးထလိုက်ပါတော့။

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်

ဗျိုင်းနားလို့ ကိုင်းရတယ်။

ဗျိုင်း ဘာကြောင့် နားရတယ်

ငါး ပေါ်လို့ နားရတယ်။

ငါး ဘာကြောင့် ပေါ်ရတယ်

ကျွဲလူးလို့ ပေါ်ရတယ်။

ကျွဲ ဘာကြောင့် လူးရတယ်

ဖြုတ်ကိုက်လို့ လူးရတယ်။

ဖြုတ် ဘာကြောင့် ကိုက်ရတယ်

မိုးရွာလို့ ကိုက်ရတယ်။

မိုး ဘာကြောင့် ရွာရတယ်

ဖား အော်လို့ ရွာရတယ်။

ဖား ဘာကြောင့် အော်ရတယ်

မြွေကိုက်လို့ အော်ရတယ်။

မြွေ ဘာကြောင့် ကိုက်ရတယ်

ငါ့ဝမ်းပူစာ မနေသာလို့ ကိုက်ရတယ်။     ။

ကြောက်နေရှာတဲ့ ပြည်သူကို လေယာဉ်နဲ့ ဗုံးကြဲရဲတဲ့ သတ္တိလောက်နဲ့ ယောက်ျားလို့ ခံယူနေသေးရင် ဟ ဟ ပဲလို့ ပြောလိုက်ပါရစေ။ လက်မြှောက်ထားတဲ့ ဆန္ဒပြသူတွေကို နောက်က သေနတ်နဲ့ ပစ်ဖူးသူတွေဟာ မင်းရဲ့အဖွဲ့အစည်းဆိုရင် မိန်းမထက် မြင့်မြတ်ဖို့ မဆိုနဲ့၊ ပိုမိုယုတ်ညံ့နေသေးလား ဆန်းစစ်လိုက်ပါ။ အမုန်းတရားတွေ ပြန်မပြောချင်ပေမဲ့ မေ့နေတယ်လို့တော့ မထင်လိုက်ပါနဲ့။ သဘောကောင်းတိုင်း ငပေါမဟုတ်တာ နားလည်သင့်ပါတယ်။ လက်နက်ကိုင်ပြီး လက်နက်ရှိမှ သတ္တိရှိသူတွေက ကိုယ့်အလုပ်ကို ချစ်မြတ်နိုးစွာ လုပ်နေသူတွေကို သင်ကြားပေးခဲ့ပြီလေ။ ကိုယ်ပိုင်ငွေတွေ ပေးဆပ် လုပ်ကိုင်နေသူကို မြင်လာတဲ့နေ့ ငွေရလို့ လုပ်နေသူတွေ လဲသေလို့ရပါပြီ။ ဥစ္စာနဲ့ အာဏာဟာ တရားသောနည်းနဲ့ရမှ ကျေနပ်စရာကောင်းတယ်ဆိုတာ ထင်ရှားပါတယ်။

ကိုဗစ်ရောဂါ ကပ်ဆိုးမှာ အသက်မရှူရဲအောင်ပင် ရင်တထိတ်ထိတ် ရှင်ကျန်ခဲ့သူတွေကိုမှ ထပ် အနိုင်ကျင့်ရက်တဲ့ စစ်မိစ္ဆာတွေကို သည်းခံလွန်းအားကြီးလို့ အရေးနိမ့်ရတဲ့ ဘုရားအလောင်း သူတော်ကောင်းကြီးတပါးအဖြစ် ဇွတ်ပုံဖော်မှိုင်းသွင်း၊ မှိုင်းမိနေသူတွေရဲ့ ဖျက်ဆီးခံထားရတဲ့ ခေါင်းခွံကြီးကလည်း သနားစရာအတိပါပဲ။ ပျော့ပြောင်းလွန်း၊ သည်းခံလွန်းပါတယ်လို့ သူတို့ အတွင်တွင်ပြောနေတဲ့ သူတို့အဖွဲ့အစည်းရဲ့ ရက်စက်ယုတ်မာ အောက်တန်းကျ ယုတ်ညံ့လွန်းမှုက သူတို့အိမ်၊ သူတို့ရွာကိုတောင် ချန်ရစ်မထားခဲ့ပါ။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတယ် ဆိုသူတွေလည်း မျက်နှာသာမပေးခဲ့ပါ။ ရန်သူကိုတောင် တွေ့အောင်မရှာနိုင်ဘဲ ရမ်းသမ်းထုရတဲ့ဘဝ အတော် ဂွကျလှပါတယ်။ ယှဉ်ပြိုင်မပစ်ရဲလို့ တိုက်လေယာဉ်တွေကို အားကိုး‌နေကြရရှာတဲ့ ဘဝကလည်း ထိချင်ရာထိပါစေ၊ အဘယုတ်သား ပရမ်းပတာပါပဲ။ ဖက်ဆစ်တပ် နေမဝင်ခင် ခြင်းကျားကြီးနဲ့ ရှုမကောင်း မြင်မကောင်းကို ပြင်ဆင်ခွင့်ရ‌ပါစေသာ ဆုတောင်းပေးလိုက်ပါတယ်။

ဘာပဲပြောပြော လမ်းဆုံးရင် ရွာရောက်ရသလို၊ အချိန်တန်ရင်တော့ အိမ်ပြန်ကြရမှာပါပဲ။ လူလယ်မှာ ကျင်လည်ဦးမယ်ဆိုရင်တော့ သိက္ခာခြုံရင်း လိပ်ပြာလုံဖို့တော့ လိုပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးလို့ ကိုယ့်တရား ကိုယ်စီရင်ကြရမှာပါ။ ကိုယ့်ကြောင့် သူတပါးမထိခိုက်ဖို့ ကြိုးစားရင်းသာ ကောင်းမှုတခု ရသလိုသာ ပြုကြပါတော့။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံသာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြပါလိမ့်မယ်။ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ ကောင်းမှုသာပြုပြီး ကောင်းကျိုးကိုယ်စီ ပြည့်ဝနိုင်ကြပါစေ။     ။

သန့်ကေသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013