
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ ကြန့်ကြာနေချိန်မှာ အမေရိကန်နဲ့ အီရန်တို့ကြား တိုက်ခိုက်မှု သစ်တွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။
အရပ်ဘက်သင်္ဘောတွေအပြင် မဟာမိတ်တွေဖြစ်တဲ့ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေ တိုက်ခိုက်ခံရချိန်မှာ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) က ကိုယ့်ကိုယ်ကိုယ် ခုခံတဲ့ တိုက်ခိုက်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အမေရိကန်စစ်တပ်ဟာ အီရန်ရဲ့ ကက်ရှမ်ကျွန်းကို တိုက်ခိုက်ခဲ့သလို အီရန်ဘက်က ပစ်ခတ်တဲ့ ဒုံးကျည်နဲ့ ဒရုန်းအများအပြားကိုလည်း ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
ကူဝိတ်စစ်တပ်က လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချခဲ့ပြီး ဘာရိန်းနိုင်ငံမှာလည်း သတိပေးဥသြဆွဲသံတွေ မြည်ခဲ့ပါတယ်။
အီရန်ရဲ့ တက်စ်နင် သတင်းအေဂျင်စီကတော့ အစ္စလာမ္မစ် တော်လှန်ရေအစောင့်တပ်ဖွဲ့ (IRGC) ဟာ အမေရိကန် စစ်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပေမဲ့ ကူဝိတ် ဒါမှမဟုတ် ဘာရိန်းကိုတော့ နာမည်တပ် မပြောပါဘူး။
ဒီတိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံတကာလေဆိပ်ရဲ့ Terminal 1 မှာ လူထိခိုက်ဒဏ်ရာရပြီး ပြင်းပြင်း ထန်ထန် ပျက်စီးသွားသလို လေကြောင်းခရီးစဉ်အားလုံး ဆိုင်းငံ့လိုက်ရပါတယ်။
အမေရိကန်စစ်တပ်ဟာ ဇွန် ၂ ရက်ကလည်း အီရန်နိုင်ငံဘက်ကို ခုတ်မောင်းနေတဲ့ ဘော့ဆွာနာ အလံစိုက် ကုန်တင်သင်္ဘောတစင်းကို ဟဲလ်ဖိုင်းယား ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ညှိနှိုင်းမှုတွေ ကြန့်ကြာနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆို လိုက်ပြီး အီရန်နဲ့ အဆက်မပြတ် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်ဘက်က အပစ်ရပ်ရေး မူဘောင်အပေါ် အပြောင်းအလဲတွေလုပ်ဖို့ တောင်းဆို နေတာကို ဇွန် ၁ ရက်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါရီ က ငြင်းဆိုထားပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီဘိုကလည်း အီရန်အပေါ် ပိတ်ဆို့မှု တွေ ရုတ်သိမ်းရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ထွက်ဆိုခဲ့ပါတယ်။
ရူဘီအိုက “ပိတ်ဆို့မှုတွေကို အစကတည်းက ချမှတ်ခဲ့ရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပြန်ပြီး လဲလှယ်ရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
Source:Reuters











