
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကမ္ဘနီစစ်တပ်စခန်းက စစ်ကောင်စီ တပ်သားတွေဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီလို့ ကလေးနယ်တောင်ပိုင်းက ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ ကမ္ဘနီစစ်တပ်စခန်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၅၀ ဝန်းကျင်တပ်စွဲနေတာဖြစ်ပြီး ရန်ကြီးအောင်စစ်တပ်စခန်းကို ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ပြီးတဲ့နောက်မှာ စခန်းကိုစွန့်ခွာ သွားကြတာလို့ဆိုပါတယ်။
CDF-KKG ရဲ့ ပြန့်ကြားရေးတာဝန်ခံတယောက်က “ကျနော်တို့ဘက်က ရန်ကြီးအောင် စခန်းသိမ်းပိုက်ပြီး သူတို့ ရွှေ့ပြောင်းသွားကြတာ။ အဲဒီစခန်းမှာက ကြံသာရွာက ပျူတွေများတယ်။ သူတို့ ကြံသာရွာထဲကို ပေါင်းသွားကြတယ် လို့ ကြားရတယ်။ ကျနော်တို့ အဲဒီစစ်စခန်းကို မီးရှို့ပြီး မိုင်းတွေကိုလည်း ရှင်းလင်းပြီးပါပြီ။ လက်နက်ခဲယမ်းတွေ ရရှိတာမျိုးတော့ မရှိခဲ့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေဟာ နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကြီးအောင် စစ်ကောင်စီတပ်စခန်းနဲ့ နိုဝင်ဘာလ ၄ ရက်နေ့က မြောက်စည်းရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိ ကလေးမြို့နယ်မှာ ရာဇဂြိုလ်အကျဉ်းစခန်း ၂ ခု၊ မြောက်စည်းရဲစခန်း ၁ ခု၊ ကမ္ဘနီစစ်တပ်စခန်း ၁ ခုနဲ့ ရန်ကြီးအောင်စခန်းတို့ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားပါတယ်။











