
(က)
အဘစောမူးသာတို့ခြံထဲ မန်ကျည်းပင်အောက် ကွပ်ပျစ်မှာ မနက်ခင်း ရေနွေးကြမ်းဝိုင်း။ အဘစောမူးသာဇနီး အမိုးနော်၏လက်ရာ ‘ပြန်ပေါင်း’ ပူပူကလေးက မွှေးပြီး ဝါးလိုက်တော့ ရင်ထဲအထိ နွေးလာပါ၏။
“ဒါနဲ့ . . စိမ်းမောင် မင့်သားကြီး လေမောင်တို့လင်မယား ‘ပြန်ပေါင်း’ ထုပ်ကြပြီလား”
“အလကားကောင်တွေပါကွာ . . . ခုထက်ထိကို ပြန်ပေါင်းမထုပ်နိုင်ကြသေးဘူး . . . ဟူး”
“သူတို့လင်မယားကတော့ ရန်ဖြစ်လည်း ခဏပေါ့ကွာ၊ သိပ်မကြာခင် ‘ပြန်ပေါင်း’ ထုပ်ကြမှာပါ”
‘ဟူး . . . ဝှူး . . .”
အဘစောမူးသာက စစ်ပြန်ကြီး အဘလုံးတုံးနှင့် ဖေကြီးကို အဓိပ္ပါယ်ပါပါ လှမ်းပြုံးပြလာပါလေ၏။ ပြီးတော့ အဘစိမ်းမောင်ကို ဤသို့ပြောပါ၏။
“မင့်သားနဲ့ သူ့မိန်းမတို့ကတော့ သိပ်မကြာခင် ‘ပြန်ပေါင်း’ ထုပ်ကြမှာဖြစ်ပေမဲ့ လုံးဝ ‘ပြန်ပေါင်း’ မထုပ်တော့မယ့်သူတွေလည်း ရှိသကွ”
“ဘယ်သူတွေလဲဟ . . .”
“ဘယ်သူတွေကမလဲကွ . . . ပြည်သူလူထုနဲ့ ကြင်စိုး သာဝ မအလ ပေါ့ ဟကောင်ရ”
“ဟေ . . . အဲ . . .”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင့်မျက်နှာ ရှုံ့မဲ့သွားပါ၏။ အဘစောမူးသာက ပြုံးစိစိမျက်နှာနှင့် စကားဆက်ပါလေ၏။
“ဘုရင်ရူး ပလ္လင်ရူး အာဏာရူး မအလနဲ့ ပြည်သူနဲ့ လုံးဝ ‘ပြန်ပေါင်း’ ထုပ်ဖို့ မဖြစ်နိုင်တော့ပေမဲ့ သူ့လက်အောက်ငယ်သား တပ်မတော်သားတွေနဲ့တော့ ပြန်ပေါင်းထုပ်လို့ ရနေပြီကွ”
“ဘယ် . . . ဘယ် . . . ဘယ်လို”
“အခုဆိုရင် မအလရဲ့ ကမ်းကုန်အောင် ယုတ်မာရက်စက်မှုအပေါင်းကို ကိုယ်တွေ့ခံစားလာရတဲ့ အကြပ် တပ်သားတွေကနေ တပ်ရင်းမှူးတွေအထိ ကြင်စိုးအတွက် အသက်ပေး မခုခံကြတော့ဘဲ ‘အလံဖြူ’ လေးတွေ တပ်ရင်းလိုက် တပ်ရင်းလိုက် ထောင်လို့ ပြည်သူ့ရင်ခွင်ကို တသုတ်ပြီးတသုတ် တသုတ်ပြီးတသုတ် ခိုဝင်လာကြတာ မင်းတို့အမြင်ပဲလေကွာ”
“ဟူး . . . ဝှူး . . . . . .”
အဘစောမူးသာ့စကားအဆုံးမှာ အဘစိမ်းမောင်၏ သက်ပြင်းရှည်ကြီးကို ကြားကြရပါလေတော့၏။ ပြီးတော့ ခြံထဲသို့ လှမ်း၍ငေးနေကာ တွေးနေပါလေတော့၏ ခင်ဗျာ။
ခဏနေတော့ အဘစောမူးသာ၏ လက်တမ်းသီချင်းတပုဒ်ကို အဟုတ်ကြားကြရပါလေတော့၏။ နာမည်ကျော်သီချင်းတပုဒ်ဖြစ်သည့် ‘အလှူခံပါဗျို့’ သံစဉ်ထဲကို ချက်ချင်း စာမြှောင်ကပ်တာ ဖြစ်ပါ၏။
“သေနတ်လေးကိုယ်စီ စွဲကိုင်လို့
သံခမောက်ဆောင်းကာ လျှောက်မယ်ဗျို့
ပြည်သူ့ရင်ထံသို့ အရောက်လာမယ်ဗျို့ . . .
(ဘေးမသီရန် အချက်လေးပေးလို့) ၂
နိဗ္ဗာန်ဆိုတာ အဟုတ်ဗျို့ . . .
(အလံဖြူလေးတွေ အတူမြှောက်လို့) ၂
အသံကုန်ဟစ်ကာ ကာယကံမေတ္တာ
ပြုံးလို့ ရွှင်လို့ ကလို့ ခုန်လို့
ကြို ဆို ပါ ဗျို့ . . . . . .”
(ခ)
“ဟူး . . . . . . . . ဝှူး . . . . . . .”
စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကား တရုတ်နဂါးကြီးအလား သက်ပြင်းရှည်ကြီးတွေကိုသာ မကြာခဏ မှုတ်ထုတ်နေပါလေ၏။ အဘစောမူးသာက အဘလုံးတုံးကို ပြုံးစိစိနှင့် မျက်စပစ်ပြလေရာ အဘလုံးတုံးကလည်း စစ်ကူဝင်လာပါလေတော့၏။
“တကယ်တော့လည်း ကြင်စိုး သာဝ မအလ ဆိုတဲ့ အယုတ်တမာကောင်ကြီးဟာ ‘လေ’ သာကြီးပြီး လက်တွေ့ဘဝမှာ ဘာဆိုဘာမှ စွမ်းဆောင်နိုင်တဲ့ကောင်မဟုတ်ဘူး”
“ဟူး . . . . . . . .”
“သူပြောပြောနေတဲ့ ‘Standard Army’ ဆိုတာ လက်တွေ့နဲ့ တခြားစီမဟုတ်လား”
“ဟူး . . . . . . . . . . .”
“အခုတော့လည်း ‘တိုက်တိုင်းရှုံး’ တပ်မတော်ကြီးရဲ့ ‘ချာတူးလန်ဦးစီးချုပ်’ ဖြစ်နေပြီလကွာ”
“ဟူး . . . . . . . . . . .”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ကျန်တဲ့သူတွေအကုန်လုံး ပေါ့ပေါ့ပါးပါး ထရယ်ကြတော့ အဘစိမ်းမောင် ‘တင်း’ သွားပုံရပါ၏။ အားလုံးကို ဖြန်းကြည့်ကာ ချေပစရာ စကားလုံး ရှာနေပါလေတော့၏။ ပြီးတော့ တုံ့ပြန်ပါလေ၏။
“ဒါကတော့ မတရားသက်သက် အုပ်စုလိုက် အနိုင်ကျင့်တဲ့ သဘောပဲကွ”
“ဟေ . . . ဘာကိုပြောတာလဲ စိမ်းမောင်”
“အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်တခုတည်း၊ မင်းတို့ဘက်က ဝိုင်းတိုက်နေတဲ့ ဟာတွေက တပ်ပေါင်းစုံလေကွာ”
“ဘာကိုပြောတာလဲ စိမ်းမောင်ရာ . . . ရှင်းရှင်းလင်းလင်း ပြောစမ်းပါဟ”
သို့ဖြင့် အဘစိမ်းမောင်က သူ၏ခံစားချက်နှင့် အမြင်ကို ပြောကြားလာပါ၏။ မအလမှာ ‘စစ်တပ်’ တခုပဲရှိပြီး သည်စစ်တပ်ကို ဝိုင်း၍တိုက်ခိုက်နေသည်မှာ ‘တပ်ပေါင်းစု’ လို ဖြစ်နေသည့်အတွက် ကြာလာတော့ ‘ယှဉ်’ လို့ မလွယ်ကူသလိုလို ဖြစ်လာသည်ဟု ယူဆကြောင်း၊ သတ္တိရှိပါက ‘PDF’ တွေချည်း လာတိုက်ကြည့်စေလိုကြောင်း၊ အဲသလိုဆိုပါက အခုလို ‘လွယ်ကူ’ မည် မဟုတ်ကြောင်း ပြောလာလေရာ ‘တဟားဟား’ ရယ်ချမိကြပြန်ပါလေ၏ ခင်ဗျာ။
“အင်း . . . စိမ်းမောင် . . . စိမ်းမောင် . . . မင်းတို့အဘ မအလရဲ့အဖြစ်က တောင်ကျောင်းကိုယ်တော့်အဘ ဟိုကိုယ်တော်ကြီးနဲ့ တူနေပါပြီကွာ”
(ဂ)
“ဘယ်ကိုယ်တော်ကြီးလိုလဲဟ မူးသာရ”
“ရွာ့တောင်ကျောင်းက လက်ရှိ စိမ်းသရဖူစိမ်း ဦးအစိမ်းတကိုယ်တော့်ဘကြီး ဖြစ်တဲ့ ကိုယ်တော်ကြီးလေကွာ”
“ဘယ်လိုတူတာတုန်းဟ”
“ငါတို့အဘိုးတွေ အဘွားတွေ ငါတို့ငယ်ငယ်တုန်းက ပြောပြခဲ့ဖူးတယ်လေကွာ”
“အင်း . . . မှတ်မိပြီ . . . မှတ်မိပြီ”
“ဟားဟား ဟားဟား ဟားဟား . . . . .”
မှတ်မိပြီဆိုပြီး အရွှင်အဘနှစ်ဦးသား ဟားတိုက်ရယ်မောနေကြပါလေ၏။ ခဏအကြာမှာ အဘစောမူးသာက ရေနွေးတခွက်ကို မော့ချလိုက်ပြီး ‘ကိုယ်တော်ကြီးဇာတ်လမ်း’ ကို ပြောပြပါလေတော့၏။
“အခု စိမ်းမောင်က မအလကို အစုလိုက် အပြုံလိုက် ဝိုင်းတိုက်လို့ ‘မခံနိုင်’ တော့ဘူးလို့ ပြောတယ်မဟုတ်လား”
“. . . . . .”
“အဲဒါ သူ့အပြစ်နဲ့သူ ခံရတာပဲလေ၊ သူပဲ ‘မလုပ်ရဲတာ ဘာမှမရှိဘူး’ တို့ ‘သေရဲတဲ့ကောင်တွေ ထွက်ခဲ့’ တို့ ရင့်ရင့်သီးသီး အပေါ်စီးက ပြောခဲ့တာလေကွာ”
“အဲသည်တော့ . . . ဟို ကိုယ်တော်ကြီးနဲ့တူပုံက”
“ဒီလိုကွ ဖေကြီးရ . . .”
အဆိုပါ တောင်ကျောင်းကိုယ်တော်ကြီးက သူဟာ သည်းခံခြင်း ခန္တီစတရားထူးနဲ့ ရင့်ကျက်နေပြီ ဖြစ်လို့ မေတ္တာတရားနဲ့ ထူးခြားတဲ့အလှူတခုကို ပြုလုပ်မှာဖြစ်ကြောင်း၊ အလှူမှာ အခြားမဟုတ်မူဘဲ သူ့သွေးသားကို လှူမှာဖြစ်ကြောင်း၊ ဘာတွေကို လှူမလဲဆိုတော့ ‘ခြင်’ တွေကိုလှူမှာဟု မိန့်တော်မူပါလေ၏တဲ့ ခင်ဗျာ။
ညနေမှောင်စပြုရင် သူ့ကို ကြိုးနဲ့တုပ်ကာ ကျောင်းဝန်းထဲရှိ မြက်တောထဲမှာ သွားချထားပေးကြဖို့ ကပ္ပိယတွေကို မှာပါသတဲ့။
ကြိုးနဲ့တုပ်မထားရင် ခြင်တွေသွေးစုပ်လို့ မခံနိုင်တဲ့အခါ ထပြန်ပြေးလာမိမှာ စိုးရိမ်တဲ့အတွက် ကြိုးအထပ်ထပ် ခိုင်ခိုင်တုပ်ဖို့ သေချာမှာလို့ ကပ္ပိယတွေလည်း မလှုပ်နိုင်အောင်တုပ်ပြီး ချထားခဲ့ကြပါသတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမှ ငါ့အနားမလာကြနဲ့ဆိုပြီး တညလုံး သွေးအလှူဒါနကို ပျော်ပျော်ကြီးပြုမယ်လို့ အဓိဋ္ဌာန်ထားတဲ့ ကိုယ်တော်ကြီးဟာ ဆယ့်ငါးမိနစ်တောင် မကြာသေးဘူး ‘အော်ဟစ်’ နေပါတော့သတဲ့ဗျာ။
“အောင်မလေး . . . သေပါပြီဗျ . . .”
“ဟေ့ . . ဟေ့ကောင်တွေ လာကြအုံးဟ”
“သေပါပြီဗျ . . . လာကြပါအုံးဟ”
“အောင်မယ်လေးဗျ . . . ကြိုးဖြည်ပေးကြပါအုံး ဟကောင်တွေရ”
“ရီးတဲ့မှပဲ . . . မြန်မြန်လာကြပါဟ”
ဒါနဲ့ ကျောင်းပေါ်မှာ အေးအေးဆေးဆေး အိပ်တော့မလို့ လုပ်နေတဲ့ ကပ္ပိယတွေလည်း ကျောင်းအပေါ်ထပ်ကနေ သူတို့ရဲ့ကိုယ်တော်ကြီးကို လှမ်းပြီး ငုံ့ကြည့်နေကြပါသတဲ့။
“ဟေ့ကောင်တွေ . . . ဘာလုပ်နေကြတာလဲ . . . မြန်မြန်လာကြစမ်းပါဟ”
ဒါနဲ့ ဆင်းလာကြပြီး မြက်တောကြီးထဲမှာ ‘ဇီဝိတဒါန’ ပွဲတော် ကျင်းပကာ လူးလှိမ့်နေရှာတဲ့ သူတို့ကိုယ်တော်ကြီးထံ ချဉ်းကပ်တဲ့အခါ “မြန်မြန်ဖြည်ကြပါဟ . . . နာလှချည်ရဲ့ . . . သေရပါတော့မယ်” လို့ချည်း အော်ဟစ်နေခိုက် ဖြည်ရမှာလား မဖြည်ရဘူးလား ဆိုတာကို စဉ်းစားနေကြပါသတဲ့။
“ဟေ့ကောင်တွေ . . . ဘာရပ်လုပ်နေတာလဲ . . . မြန်မြန်ဖြည်ပေးကြပါဟ”
“တင် . . . တင် . . . တင်ပါ့”
“မြန်မြန်ဖြည်ကြပါဟ . . . ရီးတဲ့မှပဲ”
သို့ဖြင့် ကျောင်းပေါ်မှ မီးရောင်ထဲရောက်သည့်အခါ သူ့တကိုယ်လုံး နေရာအနှံ့မှာ စုတ်ပြဲဒဏ်ရာတွေ သွေးစသွေးနတွေ မြင်မကောင်းအောင် ထွက်နေတာကို မြင်ကြရပါသတဲ့။
“မင်းတို့ကောင်တွေကလည်း ငါ ဒီလောက်အော်ဟစ်ပြီး လှမ်းခေါ်နေတာကို မြန်မြန်ဆင်းလာပြီး ဖြည်မပေးကြဘူး”
“ကိုယ်တော့်ရဲ့အလှူကို အနှောင့်အယှက်ပြုသလိုဖြစ်မှာ စိုးရိမ်ကြလို့ပါ”
“ဒီမှာ ‘သေမတတ်’ ခံနေရတာကို”
“ကိုယ်တော်ပဲ ‘ခြင်’ တွေကို တညလုံး သည်းခံတော်မူပြီး လှူတော်မူမှာ ဆို”
“အိမ်း . . . အခုဟာက ငါတွေးထင်ထားခဲ့သလို ‘ခြင်’ တွေချည်းမဟုတ်ဘူး။ ‘ပုရွက်ပျံ’ တွေကော၊ ‘ဖြုတ်’ တွေကော၊ ‘မှက်’ တွေကော၊ ‘ပုရွက်ဆိတ်’ တွေကော၊ ‘ယင်မမဲရိုင်း’ ကြီးတွေကော တညီတညာတည်း စုပြုံပြီး တက်ညီလက်ညီ နှက်ကြတာကွ . . . အောင်မယ်လေး . . . ဆေးတွေဘာတွေ လိမ်းပေးကြပါအုံး ဟကောင်တွေရ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
တောင်ကျောင်းကိုယ်တော့်အဘိုး၏ အလှူဇာတ်လမ်းကို ကြားအပြီးမှာ ‘တဟားဟား’ ပွဲကျခဲ့ကြပါလေတော့၏ ခင်ဗျာ။ ဒီကနေ့ စကားဝိုင်းလည်း နိတ္ထိတံလေပြီ။ အဘစိမ်းမောင်လည်း ထပြန်ဖို့ပြင်လေပြီ။ ခဏအတွင်းမှာ အဘလုံးတုံး၏တေးသံ ရုတ်တရက် လွင့်ပျံလာပါလေတော့၏။
“အလံဖြူလေးကိုယ်စီ စွဲကိုင်လို့
စစ်ခမောက်ဆောင်းကာ လျှောက်မယ်ဗျို့
ပြည်သူ့ရင်ခွင်သို့ အရောက်လာမယ်ဗျို့. . .
(ဘေးမသီတာ ကြို သိထားသမို့) ၂
စုပေါင်းနှံတာ အဟုတ်ဗျို့ . . .
(ပုဝါဖြူ လေးတွေ အတူမြှောက်လို့) ၂
အသံတုန် မေတ္တာ ကာယကံ ချစ်စွာ
ပြုံးလို့ ရွှင်လို့ ကလို့ ခုန်လို့
ကြို ဆို ပါ ဗျို့ . . . . . .”
ဖေကြီး(လေရှီး)










