DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်တွင် ပိတ်မိနေသည့်  မလေးရှားနိုင်ငံသား ၁၂၀ ကို ကယ်တင် နေရပ်ပြန်ပို့
DVB
·
December 2, 2023
လောက်ကိုင်တွင် ပိတ်မိနေသည့်  မလေးရှားနိုင်ငံသား ၁၂၀ ကို ကယ်တင် နေရပ်ပြန်ပို့
Donate to DVB

မြန်မာနိုင်ငံမှာ အလုပ်အကိုင်တုတွေနဲ့ လိမ်လည်ဖျားယောင်း ခေါ်ယူခံခဲ့ရတယ်လို့ ယူဆရတဲ့   ၁၂၁ ယောက်ကို ဒီဇင်ဘာလ ၁ ရက်မှာ မလေးရှားနိုင်ငံကို ပြန်လည်ခေါ်ယူ နိုင်ခဲ့ပြီဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီထဲက ၁ ဦးက အင်ဒိုနီးရှား နိုင်ငံသားဖြစ်ပြီး ကျန် ၁၂၀ ကတော့ မလေးရှားနိုင်ငံသားတွေဖြစ်ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံ  ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြား လောက်ကိုင်မြို့ဝန်းကျင်မှာ ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၂၀ ကနေ ၅၀ အရွယ်ကြားရှိတဲ့ သူတို့ အဖွဲ့ဟာ အထူးစီစဉ်ပေးထားတဲ့ လေယာဉ်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကနေထွက်ခွာခဲ့ကြပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ဒေသစံတော်ချိန် သောကြာနေ့ မနက် ၃ နာရီ ၂၄ မိနစ်မှာ ရောက်ရှိလာခဲ့ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီကယ်ဆယ်ရေးလုပ်ငန်းကို နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းကနေ စတင်ကာ သက်ဆိုင်ရာနိုင်ငံတွေက အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားတော်လှန်ရေး မဟာမိတ် တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးကြောင့် မြန်မာစစ်တပ်ဟာ နယ်စပ် ကုန်သွယ်ရေး ဂိတ်တွေအပါအဝင် စစ်စခန်းတွေနဲ့ မြို့တွေ အမြောက်အမြား လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ပိတ်မိနေသူ ၁၂၈ ယောက်ရှိပြီး နောက်ထပ် ၇ ယောက်ကျန်နေသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ မလေးရှားအစိုးရက အခြေအနေကို စောင့်ကြည့်နေပြီး ကျန်နေတဲ့ ၇ ယောက်ကို ထပ်မံကယ်ဆယ်ဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီ ၇ ယောက်ထဲက ၂ ယောက်က ပြန်မလိုက်ဖို့တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ၁ ယောက်က ကယ်ဆယ်ရေးလုပ်တဲ့ စုရပ်နဲ့ ကီလိုမီတာ ၁၀၀၀ ကျော်အကွာအဝေးမှာ ရှိနေတာကြောင့် ပြန်မလိုက်နိုင်တာ ဖြစ်ပါတယ်။ နောက်ထပ် ၃ ယောက်က စုရပ်ကို အချိန်မီရောက်မလာကြသလို ၁ ယောက်က ရာဇဝတ်မှုမှတ်တမ်းရှိတာကြောင့် တရုတ်နိုင်ငံက ပြည်ဝင် လက်မခံတဲ့သူဖြစ်နေပါတယ်။

အခုနှစ်ပိုင်းတွေအတွင်း အွန်လိုင်းရာဇဝတ်မှုတွေ၊ အလုပ်အတုအယောင်တွေနဲ့ လိမ်လည်ခံရတဲ့ မလေးရှားနိုင်ငံသားတွေ ရာပေါင်းများစွာရှိတယ်လို့ ဆိုပါတယ်။ သူတို့ဟာ လစာကောင်းကောင်းနဲ့ နေစရိတ်၊ စားစရိတ်ငြိမ်းရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် လာရောက်ခဲ့ကြတာဖြစ်ပါတယ်။

လက်တွေ့မှာတော့ များသောအားဖြင့် အဆောင်ခန်းလိုနေရာတွေမှာ စုပေါင်းနေရကြရကြောင်း အင်တာနက်ပေါ်ကနေ ငွေကြေးလိမ်လည်မှုတွေ ဆောင်ရွက်ပေးရတာဖြစ်ကြောင်း အလုပ်အတုအယောင်တွေနဲ့ လိမ်လည်ခံရတဲ့သူတွေက ပြောပါတယ်။

ကယ်ဆယ်လာခဲ့တဲ့ ၁၂၁ ယောက်ထဲက တချို့ဟာ ရဲဌာနမှာ စစ်ဆေးမှုခံနေရပြီး တချို့ကတော့ အိမ်ပြန်သွားကြပြီဖြစ်ကြောင်းတယ်လို့ ရိုက်တာသတင်းနဲ့ မလေးရှားအခြေစိုက် ဘနားမားသတင်းတို့က ဖော်ပြကြပါတယ်။

Source: Reuters/ Bernama 

Photo- Bernama 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013