DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ၊ မကွေးနှင့် စစ်ကိုင်းတိုင်းလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေကြမ်း တော်လှန်ရေးအဖွဲ့များ လက်မခံ
DVB
·
December 1, 2023
တနင်္သာရီ၊ မကွေးနှင့် စစ်ကိုင်းတိုင်းလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေကြမ်း တော်လှန်ရေးအဖွဲ့များ လက်မခံ
Donate to DVB

တနင်္သာရီ၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သော ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း” ကို အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့အပေါ် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းရှိ တော်လှန်ရေးအင်အားစုတွေက  လက်မခံကြောင်း အသီးသီး ကြေညာပါတယ်။

ဒီဥပဒေကြမ်းကို နိုဝင်ဘာ ၁၇ ရက်က တနင်္သာရီ၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ လွှတ်တော်အစည်းအဝေး ကျင်းပ အတည်ပြုခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကလည်း ‘ရွေးကောက်ခံ ကိုယ်စားလှယ်များက ဒေသတွင်းရှိ အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီ ပူးပေါင်းအကောင်အထည်ဖော်သည့် ကနဦး စွမ်းဆောင်ချက်အား ကြိုဆိုပါသည်’ လို့ အဲဒီနေ့မှာပဲ ထုတ်ပြန် ကြေညာလာပါတယ်။

ဒါပေမဲ့ အဲဒီနောက်မှာတော့ သက်ဆိုင်ရာ တိုင်းတွေမှာရှိနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လက်ရှိ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်နေတဲ့ သပိတ်စစ်ကြောင်းတွေ၊ သပိတ်ကော်မတီတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကန့်ကွက်လာကြတာပါ။

တနင်္သာရီတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (CRTH) က ဖွဲ့စည်းထားတဲ့ ၅ ဦး ကော်မတီက မြိတ်ခရိုင် နိုင်ငံရေးအင်အားစုနဲ့ အလွတ်သဘော တွေ့ဆုံဖို့ ဖိတ်ကြားပြီးနောက် တွေ့ဆုံခဲ့ရာမှာ တနင်္သာရီတိုင်းထဲမှာ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေးကို ဆွေးနွေးချပြလာခဲ့လို့ လက်မခံခဲ့ဘူးလို့ မြိတ်ခရိုင် နိုင်ငံရေးအင်အားစုက ဆိုပါတယ်။

ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ‘အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီ ပူးပေါင်း အကောင်အထည်ဖော်သည်’ လို့ ဖော်ပြထားတာဟာ ဒေသတွင်းက နိုင်ငံရေးအင်အားစုတွေရဲ့ သဘောထား၊ ဆွေးနွေးချက်တွေအပေါ် အပြန်အလှန် လေးစားမှုမရှိတာ၊ ပြည်သူလူထုရဲ့ အသံတွေကို မထီမဲ့မြင်ပြုနေတာကို အထင်အရှား ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်တာကို မြိတ်ခရိုင် နိုင်ငံရေးအင်အားစုက လုံးဝလက်မခံ သဘောမတူဘဲ တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH) အနေနဲ့လည်း နောက်နောင် ဘယ်အခါမှာမှ ဒီလိုမလုပ်ဖို့လည်း သတိပေး ထုတ်ပြန်ထားပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကလည်း ဒီဥပဒေကြမ်းကို ပွင့်လင်းမြင်သာမှု လုံးဝမရှိဘဲ အတည်ပြုခဲ့တာဟာ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထုအပေါ် မထီမဲ့မြင်ပြုတဲ့ အာဏာရှင်စရိုက်လက္ခဏာဖြစ်ပြီး ပြည်သူလူထုက ယုံကြည်အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်တဲ့အပြင် “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်းပါ ကတိကဝတ်တွေ၊ မျှော်ရည်ချက်၊ စံတန်ဖိုး၊ အနှစ်သာရတွေနဲ့ သွေဖည်ဆန့်ကျင်နေတယ်လို့ ဆိုပြီး လက်မခံ ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းတွင်း တော်လှန်ရေးအင်အားစုတွေကလည်း ဒီအချိန်ဟာ အဆုံးအဖြတ်ကာလ ဖြစ်တာကြောင့် စစ်ကိုင်းဒေသအတွင်းက တော်လှန်ရေးအင်အားစုတွေအကြား မဖြစ်မနေ စုစည်းညီညွတ်ရတော့မယ့်အချိန်ဖြစ်ပြီး ဒီဥပဒေမှာ ဒေသတွင်း တော်လှန်အင်အားစုတွေရဲ့ သဘောဆန္ဒ မပါဝင်တာကြောင့် မြေပြင်ယုံကြည်မှုတည်ဆောက်ရေး အခက်အခဲတွေပဲ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) က တဖက်သတ် ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာကို လုံးဝလက်မခံဘဲ ဒေသတွင်း အနာဂတ်ရေးရာကိစ္စတွေ ဆောင်ရွက်မယ်ဆိုရင် တော်လှန်ရေးကာလရဲ့ တခုတည်းသော ကိုးကားရာဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ တိုင်းနဲ့ ပြည်ထောင်စုအဆင့် တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးမှ ဆောင်ရွက်သင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ တာဝန်ရှိသူတယောက်က “မူကြမ်းကို ဆွေးနွေးတုန်းက မူကြမ်းတစုံလုံးကို ပွင့်ပွင့်လင်းလင်း ချပြတာ မရှိခဲ့ဘူး။ မူကြမ်းမှာပါတဲ့ ညှိနှိုင်းရေးအဖွဲ့တွေ၊ ကော်မရှင်တွေမှာ ပါဝင်မှု အချိုးအစားကိုလည်း သပိတ်အင်အားစုတွေက လက်မခံခဲ့ကြပါဘူး။ ပြီးတော့ ဥပဒေ အတည်ပြုလာတဲ့အခါ အကြံပြုချက်တွေနဲ့ သဘောထားမှတ်ချက်တွေကို အလေးထား ထည့်သွင်းတာမလုပ်ဘဲ လက်လွတ်စပယ် လုပ်ထားတယ်။ ဒါဟာ မထီမဲ့မြင်လုပ်တာ၊ စော်ကားတာလို့ မှတ်ယူပါတယ်။ စစ်ကိုင်းတိုင်းလွှတ်တော်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ကတိကဝတ်တွေကို တန်ဖိုးထားပြီး တော်လှန်ရေးနဲ့ လူထုမျက်နှာကိုမူကြဖို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။

မကွေးတိုင်းထဲက အဖွဲ့အစည်းတွေကတော့ မကွေးတိုင်းလွှတ်တော်အနေနဲ့ အဲဒီဥပဒေကို ရေးဆွဲပြင်ဆင်စဉ်ကာလတလျှောက်လုံးမှာ မကွေးဒေသက တော်လှန်ရေးအင်အားစုတချို့နဲ့ မည်ကာမတ္တ တွေ့ဆုံမှုတချို့ကိုပဲ ဟန်ပြဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ဥပဒေကြမ်းကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဖတ်ရှု၊ လေ့လာ၊ ဝေဖန် အကြံပြုနိုင်တဲ့ အခင်းအကျင်းမျိုး ဖန်တီးခဲ့တာ လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒီဥပဒေဟာ မကွေးဒေသက တော်လှန်ရေးအင်အားစုတွေကို လုံလောက်ထိရောက်စွာ အသိပေး တိုင်ပင်ထားတာ မရှိဘဲ အတည်ပြုခဲ့တဲ့ ဥပဒေပဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားဆန္ဒတွေ ထင်ဟပ်ပါဝင်တာ အလျဉ်းမရှိဘူးလို့ ဆိုပါတယ်။

မကွေးဒေသအတွင်း မွေးဖွားရပ်တည်ပြီး တော်လှန်ရေးကဏ္ဍအသီးသီးတို့မှာ ပြည်သူလူထုနဲ့ တသားတည်း မပြတ်တမ်း ချီတက်လှုပ်ရှားတိုက်ပွဲဝင်နေကြတဲ့ မကွေးဒေသခံ တော်လှန်ရေးအင်အားစုတွေရဲ့ သဘောထားရပ်တည်ချက်တွေကို တော်လှန်ရေးအကျိုး ပိုမိုဖြစ်ထွန်းစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရှင်သန် အားကောင်းစေရေးတို့ကို မျှော်ရည်ပြီး နိုင်ငံအဝန်းက တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ပြည်သူလူထုတို့ကို အခြေအနေမှန်တွေ သိရှိနိုင်စေနိုင်ဖို့ အခုလို ကန့်ကွက်ကြောင်း ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

အဲဒီသဘောထားထုတ်ပြန်ချက်ကို ကျောင်းသားနဲ့ ဆရာ‌ သမဂ္ဂတွေ၊ မြို့နယ်အလိုက် ပညာရေးဘုတ်အဖွဲ့တွေ၊ တက္ကသိုလ်ကောင်စီတွေ၊ သပိတ်ကော်မတီတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သပိတ်ကော်မတီ၊ လူထုတိုက်ပွဲကော်မတီတွေ၊ CDM နိုင်ငံ့ဝန်ထမ်းတွေ၊ လူမှုနိုင်ငံရေး အင်အားစုတွေ၊ မီဒီယာတွေ၊ ထောက်ပို့အင်အားစုဝင်တွေ စတဲ့အဖွဲ့တွေ ပါဝင်တဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်ကလည်း မကွေးတိုင်း လွှတ်တော်ဟာ ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ အောက်တိုဘာလက ကွန်ရက်နဲ့ တွေ့ဆုံတုန်းမှာ ပြသခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းနဲ့ သွေဖည်တယ်လို့ ယူဆနိုင်တဲ့ အချက်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေအကြား အငြင်းပွားစရာ အချက်တချို့ ပါဝင်နေတာကြောင့် အမြန်အတည်မပြုဖို့နဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထပ်ဆွေးနွေးပြီး ကျေလည်တဲ့ အခြေအနေဖြစ်မှပဲ အတည်ပြုသင့်တယ်လို့ ဆွေးနွေးတိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ပြီးတော့ ဒီဥပဒေကြမ်းကို သေသေချာချာ ဖတ်ရှုနိုင်ဖို့အတွက် မျှဝေပေးဖို့ တောင်းဆိုရာမှာ မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Magway Region Hluttaw) က ဝေမျှပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ ဒီနေ့အထိ မပေးခဲ့ဘူးလို့ ဆိုပါတယ်။

ဒါတွေကြောင့် ပွင့်လင်းမြင်သာမှုနဲ့ ရိုးသားမှု အားနည်းတာလို့ ရှုမြင်သလို အခုလို ဥပဒေကို အလျင်အမြန် အတည်ပြု ပြဋ္ဌာန်းလိုက်တာဟာလည်း ဖက်ဒရယ်ဒီမိုကရေစီ စံတန်ဖိုးတွေနဲ့ ကိုက်ညီမှု အားနည်းစေမှာ ဖြစ်တဲ့အပြင် တော်လှန်ရေးအဖွဲ့စုံနဲ့ အဲဒီအဖွဲ့တွေကို ကျောထောက်နောက်ခံပြုထားတဲ့ ပြည်သူလူထုရဲ့ သဘောဆန္ဒကို လွှမ်းခြုံနိုင်မှု အလွန်အားနည်းလိမ့်မယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့အပေါ် သက်ဆိုင်ရာတိုင်းတွေမှာရှိတဲ့ အရပ်ဘက်နဲ့ တော်လှန်ရေးအဖွဲ့အစည်း ၁၀၇ ဖွဲ့က နိုဝင်ဘာ ၂၂ ရက်နေ့မှာ သဘောထား ထုတ်ပြန်ခဲ့ပြီး ကန့်ကွက်ထားပါတယ်။

အခုလို ကန့်ကွက်တဲ့အပေါ် စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌကတော့ လွတ်လပ်စွာပြောဆိုခွင့် မူအရရော လက်တွေ့အရရော ကောင်းတာကြောင့် ကြိုဆိုပြီး သဘောထားအမြင်တွေ သိခွင့်ရတဲ့အတွက်လည်း ကောင်းမွန်တဲ့ လက္ခဏာတရပ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ဥပဒေနဲ့အညီ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်ပေးလိုက်တဲ့သဘော ဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013