DVB Logo
Home
Lead Story
HIV-AIDS အရေး ဒေါက်တာမြေလတ်နှင့် မေးမြန်းချက်
DVB
·
December 1, 2023
HIV-AIDS အရေး ဒေါက်တာမြေလတ်နှင့် မေးမြန်းချက်
Donate to DVB

ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ World AIDS နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ HIV/AIDS ရောဂါနဲ့ ဆေးဝါးရရှိမှု အခြေအနေနဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ဆောင်နေတဲ့ ဆရာဝန် ဒေါက်တာမြေလတ်ကို ဒီဗွီဘီသတင်းထောက် ဝေဝေက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - အာဏာသိမ်းပြီးနောက်ပိုင်းမှာ နာတာရှည်ရောဂါတွေဖြစ်တဲ့ AIDS တို့ TB တို့လို ရောဂါတွေအတွက် ဆေးတွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေ၊ စစ်ရှောင်စခန်းတွေမှာ ရယူနိုင်ဖို့ ခဲယဉ်းတယ်လို့ ကြားရတယ်။ ဆိုတော့ အရင်တုန်းက အဲလိုဆေးဝါးတွေကို ဘယ်လိုပုံစံနဲ့ ပေးဝေတယ်ဆိုတာလေး အရင်ဆုံး ပြောပြပေးပါ။

ဖြေ - “အရင်က အာဏာသိမ်းမှုမဖြစ်ခင် အခြေအနေမှာ နာတာရှည်ဆေးဝါးတွေ ဘယ်လိုပေးဝေလဲဆိုတဲ့ ကိစ္စတွေပေါ့။ အာဏာသိမ်းမှုမဖြစ်ခင် ကိုဗစ်ဖြစ်လိုက်တဲ့အခါမှာ TB ဘက်ကို သိပ်ပြီး အများကြီး မလှည့်နိုင်တော့တာတွေ ရှိတယ်။ ဒါကတော့ တပိုင်းပေါ့။ ဒါပေမဲ့ HIV ကတော့ ရန်ကုန်မှာ ဆက်ပြီးတော့ သေသေချာချာ လုပ်နိုင်သေးတာပေါ့။ ဆေးဝါးတွေ ဘယ်လိုရနိုင်လဲဆိုတဲ့အချိန်မှာ ကျနော်တို့က National TB program NTB ဘက်ကနေပြီး‌တော့ တီဘီဆေးဝါးတွေကို အခမဲ့ပေးဝေတာတွေ ရှိတယ်။ အန်ဂျီအို အဖွဲ့အစည်းတွေကလည်း ချိတ်ဆက်ဆောင်ရွက်ပေးတာ ရှိတယ်။ အဲလိုပဲ National Aid program NAP ကနေတဆင့် ကျနော်တို့ နာတာရှည်ဆေးဝါးတွေကို စီစဉ်ဆောင်ရွက်ပေးနိုင်တာ ရှိတယ်။ အခမဲ့ ဆေးကုသပေးတာတွေ ရှိတယ်ပေါ့နော်။ ဒါတွေကိုလည်း Humanitarian organization တွေအနေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးတာမျိုး ရှိခဲ့တယ်။ အဲလိုပုံစံမျိုးနဲ့ ကျနော်တို့ ဆေးဝါးတွေ ပြည်တွင်းမှာ အဲလိုပေးခဲ့တာ HIV, TB တို့လို ရောဂါတွေကို ကျနော်တို့ ပြုစုစောင့်ရှောက်မှု ပေးခဲ့တယ်။”

မေး - အာဏာသိမ်းပြီးနောက်ပိုင်းမှာကော ဆေးဝါးတွေကို အလွယ်တကူ ရယူနိုင်မလား၊ လိုအပ်တဲ့လူနာတွေကိုကော အရင်လိုပုံစံနဲ့ အလွယ်တကူ အခမဲ့ပေးနိုင်တဲ့ အခြေအနေတွေ ရှိလား။

ဖြေ - “အာဏာသိမ်းပြီးနောက်ပိုင်းမှာ သိသာထင်ရှားသွားတာကတော့ စစ်ကောင်စီဘက်က Health system collapse  ဖြစ်တယ်ပေါ့နော်။ ကျန်းမာရေးစနစ် တခုလုံး ပြိုကျသွားတယ်။ ပြိုကျသွားတဲ့အခါမှာ HIV မကဘဲ ဘာအခက်အခဲဖြစ်လဲဆိုရင် ကျန်တဲ့ Health care လိုမျိုး အခက်အခဲတွေ ရှိသွားတာပေါ့။ ဆိုတော့ အရင်တုန်းကလို မလွယ်တော့ဘဲ HIV ဆေးဝါးရရှိနိုင်မှု အခြေအနေတွေ၊ တီဘီဆေးဝါးဝယ်ယူနိုင်မှု အခြေအနေတွေ မကောင်းတော့တာတွေပေါ့နော်။ အဲဒါတွေကြောင့်မို့လို့ အထူးသဖြင့် HIV နဲ့ ပတ်သက်တဲ့ ဆေးဝါးတွေကို နည်းနည်းထိန်းချုပ်လိုက်တယ်ပေါ့နော်။ ထိန်းချုပ်လိုက်ပြီးတော့ humanitarian organization တွေကိုလည်း ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ပေးဝေနိုင်မှု မလုပ်နိုင်အောင်လို့ သူတို့ ထိန်းချုပ်လိုက်တာတွေ ရှိတယ်။ ဒါပေမဲ့ ဆက်ပြီး ပေးဝေနေတာမျိုးလည်း ရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ humanitarian organization တွေက တတ်နိုင်သမျှ မြို့ကြီးပြကြီးတွေမှာ ဆက်လက် လုပ်ဆောင်သွားတယ်ဆိုတာ တွေ့ရှိရတယ်။  NAP ကလည်း သူတို့ဆက်ပြီး တတ်နိုင်သလောက် ဆက်လုပ်ဆောင်သွားတာမျိုး ရှိတယ်။ NTB ကလည်း သူတို့ဆက်ပြီးတော့ တီဘီနဲ့ပတ်သက်တဲ့ ဆေးဝါးတွေ ဆက်ပြီး လုပ်ဆောင်နေကြတယ်။ ဒါပေမဲ့ ဆေးဝါးလိုအပ်မှုအပိုင်းမှာ လူတိုင်းက မြို့ထဲ အေးဆေးနေလို့ရတဲ့ အနေအထားမှာ မရှိဘူး။ ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာဆိုရင် ဆေးဝါးလိုအပ်ချက် အခက်အခဲတွေ အများကြီး ကြုံတွေ့ရတယ်ပေါ့နော်။ ဒီနေရာမှာ လှုပ်ရှားသွားလာမှုအတွက် အန်ဂျီအိုတွေအနေနဲ့ ခက်ခဲတာမျိုးတွေ၊ စစ်ကောင်စီလက်ထဲမှာ ဆေးဝါးတွေကို ထိန်းချုပ်တာမျိုးတွေ တွေ့ရတာပေါ့လေ။ ဆိုတော့ အရင်အခြေအနေနဲ့ ပိုပြီးတော့ အများကြီး ခက်သွားတယ်ပေါ့နော်။”

မေး - စစ်ကောင်စီက ကန့်သတ်တာ၊ ပြောင်းလဲတာတွေ ရှိတဲ့အခါမှာ အရပ်ဘက်အဖွဲ့တွေ ဆေးကို အခမဲ့ပေးဝေတဲ့ ဆေးခန်းတွေရှိတယ်။ အဲလို ဆေးခန်းတွေမှာ တချို့အဖွဲ့အစည်းတွေက ဆေးသွားပေးတဲ့အခါမှာ အတားအဆီး ပိတ်ပင်ခံရတာတွေ၊ အဲလိုအခက်အခဲတွေ ကြုံတာတွေရှိတယ်။ အဲလိုအခက်အခဲတွေကို ဆရာပြောလို့ရသလောက် ပြောပြပေးပါဦး။

ဖြေ - “အဓိကကတော့ တီဘီနဲ့ပတ်သက်တဲ့ ဆေးဝါးတွေ၊ HIV နဲ့ပတ်သက်တဲ့ ဆေးဝါးတွေ ဆိုတာက အလွယ်တကူ ကျနော်တို့ ပါရာစီတမောတို့လို ဆေးဝါးတွေ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးဝါးတွေ မဟုတ်ဘူး။ ဈေးနှုန်းအားဖြင့်လည်း အတိုင်းအတာတခုအထိ ဈေးကြီးတာမျိုးတွေ ရှိတယ်။ ပြီးတော့ ထိန်းချုပ်ကန့်သတ်တဲ့ ဆေးဝါးတွေ ဖြစ်တယ်ပေါ့နော်။ ပြောရမယ်ဆိုရင် သာမန်အတိုင်း ဝယ်လို့ရတဲ့ ဆေးဝါးတွေ မဟုတ်ဘူး။ အဲတော့ ဒီဟာတွေ ဝယ်ယူတဲ့အခါမှာ အခက်အခဲ အများကြီး ကြုံရတယ်ပေါ့နော်။ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသမှာ ရှိနေတဲ့ စစ်ဘေးရှောင်အတွက်ဆိုရင် စစ်ကောင်စီရဲ့ ချက်ပွိုင့် ဂိတ်တွေ၊ ဘာတွေ ညာတွေ ဖြတ်ရတဲ့အခါမှာ အများကြီး အခက်အခဲ ရှိတယ်။ တချို့အဖွဲ့တွေအနေနဲ့လည်း CBO, CSO အဖွဲ့တွေအနေနဲ့လည်း အဲဒီဒေသတွေမှာ သွားပြီးတော့ အလုပ်လုပ်ဖို့ဆိုတာက အခက်အခဲတွေ ရှိတာမျိုးတွေ ကြုံတွေ့ရတယ်ပေါ့။ အဲဒီတော့ ဘယ်လိုဖြစ်လာလဲဆိုရင် အရင်တုန်းက အခမဲ့ရလာခဲ့တဲ့ ဆေးဝါးတွေက အခု အခမဲ့ရဖို့တောင်မှ ပိုခက်ခဲလာပြီး တချို့ဆိုရင် ဝယ်သောက်ရတာတွေ ရှိတယ်။ တချို့ကတော့ ကိုယ့်အချင်းချင်း မျှပြီး ပြန်ပြီးသုံးစွဲတာမျိုး ဖြစ်လာရတယ်ပေါ့နော်။ အရင်က နိုင်ငံတကာအစိုးရ အကူအညီနဲ့ တီဘီတို့ HIV တို့ ဆေးဝါးတွေကို သွင်းချင်ပေမဲ့ အခုကျတော့ ဒီလိုပုံစံမျိုး လုပ်လို့မရဘူး။ စစ်ကောင်စီဘက်က ထိန်းချုပ်တာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အလွယ်တကူ ဝယ်ယူပို့ဆောင်လို့ မရတော့တဲ့ အခဲအခဲတွေ ရှိတာပေါ့နော်။ သယ်ယူပို့ဆောင်ရေးမှာလည်း ဆေးဝါးပစ္စည်းတွေကို စစ်ဆေးတာတွေ၊ သိမ်းဆည်းတာတွေ ပေါ့နော်။ အထူးသဖြင့် ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေ၊ စစ်ကိုင်းလိုနေရာမျိုးတွေ ပေါ့နော်။ စစ်ဆေးသိမ်းဆည်းတာမျိုးကို ကြုံခဲ့ရတာတွေရှိတယ်။ အဆိုးဝါးဆုံးကတော့ ငှက်ဖျား ဆေးလိုဟာမျိုးဆိုရင် ပေးမဖြတ်နဲ့ဆိုတဲ့အထိ ညွှန်ကြားထားတယ်။ တကယ်လည်း သိမ်းဆည်းတာတွေကို ကျနော်တို့ ကြုံခဲ့ရတယ်။ HIV ဆေးတွေ အလားတူပုံစံ တွေ့ရတယ်။ ပြီးတော့ တကယ်အကူအညီပေးချင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ကန့်သတ်ထားတယ်ပေါ့။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒေသတွေမှာဆိုလို့ရှိရင် CBO, CSO တွေက ဆက်ပြီး အလုပ်လုပ်လို့ရတဲ့ အနေအထားတွေ ကျနော်တို့ တွေ့ရတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဆေးဝါးတွေရရှိဖို့ အခက်အခဲ ကြုံတာမျိုးတွေ ရှိတယ်ပေါ့နော်။”

မေး - ဆေးဝါးတွေ တားဆီးပိတ်ပင်တဲ့အခါကျတော့ မဖြစ်မနေ ဆေးဝါး သောက်ကိုသောက်ရမယ့် လူနာတွေ လက်လှမ်းမမီတဲ့သူတွေအနေနဲ့ ဘယ်လိုမျိုး ဆိုးကျိုးတွေ ဖြစ်လာနိုင်လဲ။

ဖြေ - “အဲဒါကတော့ အရမ်းအရေးကြီးတဲ့ကိစ္စပေါ့နော်။ HIV positive ဖြစ်တဲ့လူနာက ဆေးမသောက်ရဘူးဆိုရင် သူ့မှာရှိတဲ့ ပိုးကောင်အရေအတွက်တွေက များလာမယ်။ လူနာအတွက်လည်း HIV ရောဂါလက္ခဏာတွေက ပိုဆိုးလာပြီး ကိုယ်ခံအား ခုခံအား ကျဆင်းမှုတွေ ပိုပြီးဆိုးလာမယ်။ ရောဂါနဲ့ပတ်သက်လို့ ပိုပြီးခံရမယ်။ နောက်တခုက အဲဒီလူနာနဲ့ပတ်သက်လို့ ရောဂါကူးနိုင်ခြေလည်း အရမ်းမြင့်တက်သွားမယ်ပေါ့နော်။ ဆေးတွေပုံမှန်မရဘူး။ Delay treatment တွေ ဆေးကုသဖို့အတွက် နောက်ကျတာမျိုးတွေ ရှိခဲ့မယ်ဆိုလို့ရှိရင် ဒီအခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ တီဘီကျတော့လည်း တီဘီဆေးတွေ မပေးနိုင်ဘူး။ သို့မဟုတ် တီဘီလူနာကို မရှာဖွေနိုင်ဘူးဆိုရင် ဒီတီဘီလူနာက သူ့ဆီမှာရှိတဲ့ တီဘီပိုးက အဆုတ်တီဘီကနေတဆင့် တခြားလူကို တီဘီရောဂါပိုးက ဆက်ပြီး ကူးစက်မယ်ပေါ့နော်။ အဲဒီအခါကျရင် ထိန်းချုပ်လို့မရတော့ဘူး။ ထိန်းချုပ်ရမယ့် အနေအထားမှာ မထိန်းချုပ်နိုင်ဘဲ ရောဂါအများကြီး ပြန့်ပွားလာပြီးတော့ ထိန်းချုပ်ရခက်တဲ့ အနေအထားမျိုး ဖြစ်လာမယ်။ နောက်ပြီး ဆေးတွေကို အချိန်မီမရဘူးဆိုရင် တီဘီဆေးက ၆ လတောင်းရတာပေါ့လေ။ အဲ့ ၆ လက ဆေးမရနိုင်ဘူးဆိုလို့ရှိရင် သောက်လက်စက ဆက်မ‌သောက်နိုင်ဘူးဆိုရင် ဆေးမတိုးတော့တာ၊ ဆေးယဉ်ပါးသွားတာ ဖြစ်သွားတယ်ပေါ့။ အဲဒီ ဆေးယဉ်ပါးတီဘီက ကြောက်စရာလည်း ကောင်းတယ်။ လူနာအတွက်လည်း မကောင်းဘူး။ သူကနေတဆင့် တခြားလူကို ပြန်ပြီး‌တော့ ကူးစက်တဲ့အခါမှာလည်း လူတွေက တီဘီတေး ၆ လသောက်ရမယ့်အစား သောက်လို့မရတော့ဘူး။ အဲတော့ ကျနော်တို့ ပိုပြီး ဆေးသောက်တဲ့ကာလတွေ တိုးမြှင့်ရမယ်။ တခြားတခြားသော ကူးစက်သွားတဲ့သူတွေက back resistant တီဘီဖြစ်သွားတဲ့အတွက် ပုံမှန်အတိုင်း တိုးမပေါက်တော့တဲ့ အနေအထားမျိုးတွေ ပြဿနာတွေ ကြုံနိုင်တာပေါ့လေ။ ဒါက ကျနော်တို့နိုင်ငံအတွက် ပြဿနာမဟုတ်ဘူးဗျာ။ ဒီလို အရမ်းများသွားခဲ့မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံရဲ့ national health emergency မဟုတ်တော့ဘဲ global health emergency  အိမ်နီးချင်းနိုင်ငံတွေမှာပါ ရောဂါအခြေအနေတွေက ကူးစက်သွားနိုင်တဲ့ အ‌နေအထားမျိုးတွေ ရှိလာနိုင်လို့ ဒါက emergency အထိ ဦးတည်သွားနိုင်တယ်ပေါ့နော်။”

မေး - အခုနကပြောသွားတဲ့ global health emergency အခြေအနေကလေ အခုလက်ရှိ ဒီကာလမှာ ဖြစ်နိုင်မှုအလားအလာ ရှိနိုင်မလား။

ဖြေ - ကျနော်တို့ အစကတော့ အများကြီးစိုးရိမ်ခဲ့တာပေါ့။ အိမ်နီးချင်းနိုင်ငံတွေလည်း ဥပမာ ငှက်ဖျားဆိုရင် မဲခေါင်ဒေသမှာ ဆိုးဆိုးဝါးဝါး resistant malaria (ဆေးယဉ်တဲ့ငှက်ဖျား) တွေရှိတဲ့အတွက် စိုးရိမ်လို့ သက်ဆိုင်ရာ အစိုးရတွေက ထိန်းချုပ်နေတာတွေ ရှိတာပေါ့လေ။ အခုလည်း ဒီ တီဘီ၊ HIV နဲ့ ပတ်သက်လို့လည်း ဒီလိုဖြစ်တာ အရမ်းများနေမယ်၊ စစ်ကောင်စီဘက်ကလည်း ဆက်ပြီးကျပ်နေမယ်။ နောက် တကယ်လိုအပ်တဲ့ ပဋိပက္ခဒေသက အိုင်ဒီပီတွေ၊ ပြည်သူတွေက လိုအပ်တဲ့ဆေးဝါး မရနိုင်ဘူး။ international humanitarian aids တွေကို စစ်ကောင်စီဘက်က ဖွင့်မပေးဘဲ သူတို့ရဲ့ဒေသတွေမှာပဲ လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးတွေ အကြာကြီး ဆက်ဖြစ်နေမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ သက်ရောက်မှု ရှိနိုင်တယ်လို့ ကျနော်တို့က ခန့်မှန်းထားတယ်ပေါ့နော်။ သူတို့နိုင်ငံမှာ ဦးတည်သွားနိုင်တာပေါ့နော်။ အဲဒါကြောင့်မို့လို့လည်း ကျနော်တို့ အမြဲတမ်းပြောတယ်၊ မြန်မာ့အရေးသည် ကျနော်တို့ မြန်မာနိုင်ငံရဲ့အရေး၊ သီးသန့်ပြည်တွင်းရေးကိစ္စ သီးသန့်မဟုတ်ဘဲနဲ့ ဒါက အာဆီယံနဲ့ ဒေသတွင်းလုံခြုံရေးကိစ္စတွေပါ ခြိမ်းခြောက်နေပါတယ်ဆိုတဲ့ ကျနော်တို့ အပြင်ဘက်မှာ နိုင်ငံရေးအရ၊ စစ်ရေးအရ ပြောကြတာတွေ ရှိသလို ကျန်းမာရေးအရ မထိန်းချုပ်နိုင်ဘူးဆိုရင် ဒါက ကူးစက်သွားမှာပဲပေါ့လေ။ ကိုဗစ်-၁၉ တုန်းကလည်း မထိန်းချုပ်နိုင်တဲ့အတွက် တကမ္ဘာလုံး ကူးစက်သွားတဲ့ သဘောတရားပဲပေါ့နော်။ ဒါပေမဲ့ တီဘီတို့ HIV တို့ကတော့ လျင်လျင်မြန်မြန် ကူးစက်တဲ့ အနေအထားမျိုး မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ အချိန်အတိုင်းအတာတခုအထိက အိမ်နီးချင်းနိုင်ငံတွေကိုပါ impact ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ ခန့်မှန်းထားပါတယ်။”

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013