
စစ်ရေးပဋိပက္ခတွေကြားမှာ ကလေးသူငယ်တွေနဲ့ မသန်စွမ်းသူတွေ အပါအဝင် အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရမှုတွေက ပိုမိုနက်ရှိုင်းလာနေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ရဲ့ တရားမျှတမှု ငြင်းပယ်ခံရခြင်းဆိုတဲ့ အစီရင်ခံစာပါ အချက်အလက်တွေအရ သိရပါတယ်။
SWAN အဖွဲ့က မှတ်တမ်းတင်ထားတဲ့ ဖြစ်စဉ် ၁၇၂ ခုပါ အစီရင်ခံစာကို ကြည့်မယ်ဆိုရင် မြေပြင်မှာ အကာအကွယ်မဲ့နေတဲ့ ရှင်သန်သူတွေရဲ့ အခြေအနေကို ပေါ်လွင်စေပါတယ်။
ဒီအစီအရင်ခံစာနဲ့ပတ်သက်တဲ့ အချက်အလက် ကောက်ယူမှုတွေ၊ မြေပြင်လုံခြုံရေး စိန်ခေါ်မှုတွေ၊ အကာအကွယ်မဲ့နေတဲ့ ထိခိုက်လွယ်သူတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရေး အကြောင်းတွေနဲ့ ပတ်သက်လို့ SWAN အဖွဲ့ရဲ့ တာဝန်ခံ နန်းခမ်းအွန်ကို DVB သတင်းထောက် ဒီဂျူလိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
(အပြည့်အစုံ)
မေး - SWAN အနေနဲ့ ဒီလို ဒေတာအချက်အလက်တွေ ရရှိနိုင်ဖို့ မြေပြင်မှာ ဘယ်လို လုံခြုံရေးအန္တရာယ်တွေနဲ့ အဓိက အတားအဆီးတွေကို ရင်ဆိုင်ခဲ့ရပါသလဲ။
ဖြေ - “ပထမဆုံး ရှင်းပြလိုတာကတော့ ဒီအချက်အလက်တွေကို ကောက်ယူတဲ့နေရာမှာ ကျမတို့ (SWAN) အဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ ပြီးတော့ ဒီရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးတွေကို တိုက်ရိုက် ဒီအချက်အလက်တွေကို ဖော်ပြလိုတဲ့ ဆန္ဒနဲ့ ခွင့်ပြုချက်နဲ့ ကျမတို့ ဒီအချက်အလက်တွေကို ကောက်ယူရခြင်းဖြစ်ပါတယ်။ ကျမတို့ SWAN က ဒီအချက်အလက် ကောက်တဲ့နေရာမှာ Feminist အခြေခံမူနဲ့ ဒီ ရှင်သန်လွတ်မြောက်လာသူ ဗဟိုပြုချဉ်းကပ်မှုကို အခြေခံထားပါတယ်။ အချက်အလက် ရရှိရေးက အဓိက မဟုတ်ဘဲ ဒီအကြမ်းဖက်မှုတွေ ရင်ဆိုင်ခံစားနေရတဲ့ အမျိုးသမီးကိုယ်တိုင် ခွန်အားရရှိလာဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကူအညီပံ့ပိုးမှုတွေ ရရှိအောင်၊ ထပ်မဖြစ်အောင် ကာကွယ်မှုယန္တရားတွေ၊ တရားမျှတမှု ယန္တရားတွေ အားကောင်းလာအောင် လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။
လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ထိခိုက်နိုင်ခြေရှိတဲ့အတွက် ဒီအခြေအနေတွေကို ကျမတို့ သေချာစိစစ်ပြီးမှ ဒီအစီရင်ခံစာကို ထုတ်ခဲ့ရပါတယ်။ အသေးစိတ်အချက်အလက်တွေနဲ့ လုပ်ဆောင်ချက်တွေကိုတော့ အစီရင်ခံစာထဲမှာ မဖော်ပြထားပါဘူး။ အဓိက အတားအဆီးကတော့ လုံခြုံရေးဖြစ်ပါတယ်။ သတင်းအချက်အလက် ကောက်ယူသူတွေရော၊ ရှင်သန် လွတ်မြောက်သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်ပါ စိုးရိမ်ချက်တွေ ရှိပါတယ်။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဘဝလက်တွဲဖော် ရင်းနှီးကျွမ်းဝင်သူတွေက တအိမ်ထဲ နေနေရတဲ့သူတွေအတွက် ပိုပြီး စိုးရိမ်ရပါတယ်။ ပြီးတော့ ဩဇာအာဏာရှိသူတွေကြောင့် ဖြစ်လာတဲ့ လုံခြုံရေးအရ စိန်ခေါ်မှုတွေ ရှိခဲ့ပြီး ကျမတို့အနေနဲ့လည်း အပြည့်အဝ ကာကွယ်မပေးနိုင်တာဟာ အဓိကစိန်ခေါ်ချက် ဖြစ်ပါတယ်။”
မေး - မှတ်တမ်းတွေအရ ကလေးငယ် ၃၀ ရဲ့ ဖြစ်စဉ်တွေနဲ့ မသန်စွမ်းသူ ၁၂ ယောက်ရဲ့ ဖြစ်စဉ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ အခုလို အလွန်ထိခိုက်လွယ်တဲ့ ရှင်သန်သူတွေဟာ မြေပြင်မှာ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ကုစားရေးနဲ့ အကာအကွယ်တွေ လိုအပ်နေပေမဲ့ လက်တွေ့မှာတော့ သူတို့အတွက် ကူညီပေးနိုင်မဲ့ အကူအညီပေးရေး ယန္တရားတွေ လုံးဝနီးပါး ကင်းမဲ့နေရတဲ့ အဓိက အကြောင်းရင်းက ဘာကြောင့်ပါလဲ။
ဖြေ - “ကျမတို့ မှတ်တမ်းမှာ ဆိုလို့ရှိရင် အလွန်ထိခိုက်လွယ်တဲ့ လူတွေပေါ့နော်။ ကလေးတွေ၊ ပြီးတော့မှ မသန်စွမ်းတွေ သူတို့ကတော့ ပိုပြီးတော့မှ ထိလွယ်ရှလွယ် အုပ်စုထဲမှာ ပါတယ်ပေါ့နော်။ သူတို့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကုစားဖို့၊ ကာကွယ်ပေးဖို့ ဆိုလို့ရှိရင်လည်း အခု အခြေအနေမှာ ဆိုလို့ရှိရင် မရှိသလောက် အခြေအနေ ဖြစ်တယ်ပေါ့နော်။ ဒီလို ဖြစ်ရခြင်း အကြောင်းရင်းကလည်း တိုက်ပွဲတွေကြောင့်ပေါ့နော်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ ကူညီပေးတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပြီးတော့မှ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေပေါ့နော်၊ Women Human Rights Defenders တွေပေါ့၊ သူတို့ကိုယ်တိုင်ကလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတဲ့သူတွေ ဖြစ်လာတော့ ကူညီပေးတဲ့ လုပ်ငန်းတွေက လုံးဝ မရှိသလောက် ဖြစ်သွားတယ်ပေါ့နော်။
ပြီးတော့ တချိန်တည်းမှာလည်း ကျမတို့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကုစားရေး ဆိုတာက ကျမတို့ တကြိမ် နှစ်ကြိမ်တည်းနဲ့ လုပ်ပြီး ပြီးသွားတာ မဟုတ်ဘူးပေါ့နော်။ အချိန်တွေ အများကြီး လိုအပ်တယ်၊ ပြီးတော့မှ ပြန်လည်ကုစားရေး အစီအစဉ်တွေလည်း အများကြီး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်ပေါ့နော်။
ဒီမှာ ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ ခေတ်အဆက်ဆက်မှာ လိင်ပိုင်းဆိုင်ရာနဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ဖြစ်ပွားတဲ့ အခြေခံအရင်းအမြစ်တွေကတော့ ကျမတို့ ဟိုးရှေးခေတ်ကတည်းက အမြစ်တွယ်နေတဲ့ ဖိုဝါဒကြီးစိုးတဲ့စနစ်ပေါ့နော်။ ပြီးတော့ ဂျန်ဒါ စံနှုန်းသတ်မှတ်ချက်တွေပေါ့နော်၊ မညီမျှမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကြောင့်လည်း အကြမ်းဖက်မှုတွေ ဆက်ပြီးတော့မှ ဖြစ်ပွားစေတယ်။ ပြီးတော့ စစ်ဓလေ့လွှမ်းမိုးချုပ်ကိုင်တဲ့ စနစ်ပေါ့နော်၊ ဒီ Militarization ဖြစ်တဲ့ အခြေအနေမှာလည်း မြန်မာနိုင်ငံတဝန်းလုံးမှာ အခု လိင်ပိုင်းဆိုင်ရာနဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီးတော့မှ ပိုမိုကျယ်ပြန့်လာတာ တွေ့ရပါတယ်ပေါ့။ ဒီစစ်တပ် စစ်ဓလေ့ လွှမ်းမိုးချုပ်ကိုင်မှုကြောင့် အရေးယူမှုကို ထိရောက်စွာ မလုပ်ဆောင်နိုင်တဲ့ အပြင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရှိနေတဲ့အတွက်လည်း အကြမ်းဖက်မှုတွေ ဆိုးရွားစေတယ်ပေါ့နော်။ ဒါကြောင့် ကျမတို့ ရည်ရွယ်ချက်ကတော့ ဒီလို အကြမ်းဖက်မှုတွေ မဖြစ်ပွားအောင် နည်းနိုင်သမျှ နည်းအောင် ကြိုတင်တားဆီးကာကွယ်မှု အပိုင်းကို ပိုပြီးတော့ လုပ်ဆောင်နိုင်ဖို့ ဦးစားပေး လုပ်ဆောင်နေပါတယ်ရှင့်။”
မေး - အမှု ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးရွာအဆင့် လျော်ကြေးပေးပြီးသွားတာမျိုးတွေပဲ ရှိခဲ့သလို လက်နက်ကိုင်တွေ ကျူးလွန်တဲ့ အမှုတွေအတွက်လည်း အပြစ်ပေးခံရခြင်းမရှိတာ တွေ့ရပါတယ်။ SWAN အနေနဲ့ အခုလို ဒေတာတွေ ကောက်ယူ မှတ်တမ်းတင်ပြီး အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းဟာ တရားမျှတမှု ငြင်းပယ်ခံထားရတဲ့ အမျိုးသမီးတွေအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဆောင်ကြဉ်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ - “ကျမတို့ အချက်အလက်ကောက်ယူ မှတ်တမ်းတင်ပြီးတော့ ဒီအစီရင်ခံစာတွေ ထုတ်ပြန်လိုက်ရုံနဲ့ လုံးဝ အကျိုးသက်ရောက်မှု ရှိပြီးတော့ စနစ်တွေ ကောင်းလာမယ်လို့တော့ မမျှော်လင့်ရဲဘူးပေါ့နော်။ ဒါပေမဲ့ ဒီလိင်ပိုင်းဆိုင်ရာနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေကို ကြိုတင်တားဆီးကာကွယ်နိုင်ဖို့အတွက် လူထု အသိပညာပေးရေး အစီအစဉ်တွေ၊ ပြည်သူ့နီတိပေး အစီအစဉ်တွေကို ဆက်တိုက် လုပ်ဆောင်ရသလို ဒေသဆိုင်ရာ အုပ်ချုပ်ရေးနဲ့ တရားမျှတမှုဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ဒီစည်းရုံးလှုံ့ဆော်မှုတွေ၊ ချဉ်းကပ်မှုတွေ၊ အသိပညာပေးမှု လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမအခြေပြု အကြမ်းဖက်မှု ကိစ္စတွေက သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်ပဲလို့ လူတွေက အထင်မှားမှုတွေ မဖြစ်စေဖို့နဲ့ တယောက်အပေါ်တယောက်က ကျူးလွန်တယ်လို့ ယူဆချက်တွေက မှားနေတယ်ပေါ့နော်။
ပြီးတော့မှ ခေတ်အဆက်ဆက် ဆက်လက်ပြီးတော့ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေက စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်ဒဏ်ရာတွေနဲ့ ဒီလူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုတွေမှာလည်း အများကြီး ထိခိုက်နစ်နာမှုတွေ ဖြစ်စေတာကြောင့် ဘယ်အကြမ်းဖက်မှုမဆိုပေါ့နော် မဖြစ်ဖို့ ကာကွယ်ဖို့ကတော့ ကျမတို့ လူတိုင်း အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ဒီလိင်ပိုင်းဆိုင်ရာနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေကို အသိပညာပေးတဲ့ အစီအစဉ်တွေ အပြင်ပေါ့နော်၊ ကာကွယ်နိုင်မဲ့ ဒေသအုပ်ချုပ်ရေးယန္တရားတွေ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ရှိလာအောင်လည်း ကျမတို့ SWAN နဲ့အတူ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တာဝန်ရှိသူတွေ ကလည်း ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ လိုတယ်ဆိုတာကိုလည်း တိုက်တွန်းချင်ပါတယ်ပေါ့နော်။ ပြီးတော့ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးတွေ၊ ကလေးတွေ အတွက်လည်း ကုစားမှုအပိုင်းဆိုင်ရာတွေ ရှိလာအောင်၊ အားကောင်းလာအောင်လည်း ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။”
မေး - အစီရင်ခံစာထဲမှာ ဒေသခံအမျိုးသမီးအဖွဲ့တွေကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးဖို့ နိုင်ငံတကာကို တိုက်တွန်းထားတာ တွေ့ရပါတယ်။ အခုလို မြေပြင်မှာ အကူအညီပေးရေး ယန္တရားတွေ ပျက်စီးနေချိန်မှာ SWAN လို ဒေသခံ အမျိုးသမီးအဖွဲ့တွေ ရေရှည်ရပ်တည်နိုင်ဖို့ နိုင်ငံတကာဆီက ဘယ်လိုအကူအညီမျိုးကို အဓိက မျှော်လင့်နေပါသလဲ။
ဖြေ - “ဟုတ်ကဲ့ ကျမတို့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ဒေသခံ အမျိုးသမီးအဖွဲ့အစည်းတွေ ရပ်တည်နိုင်ဖို့က နိုင်ငံတကာ ထောက်ပံ့မှုတွေ လိုအပ်သလို ဒီ ဒေသခံ ပြည်သူလူထုတွေရဲ့ ထောက်ခံမှုတွေ၊ ပါဝင်မှုတွေက အရမ်းအရေးကြီးပါတယ်။ အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ အတိုင်းပဲ ကျမတို့ ရှင်သန်လွတ်မြောက်လာသူတွေကို ဗဟိုပြုပြီးတော့ ရပ်ရွာအခြေပြု ဝန်ဆောင်မှုတွေအတွက် ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာနေရာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ၊ ဥပဒေရေးရာ ကူညီမှုနဲ့ ဒီအမှု စီမံခန့်ခွဲရေးအပိုင်းတွေမှာ လုံလောက်ပြီးတော့မှ ရေရှည်တည်တံ့တဲ့ ဘဏ္ဍာရေး ပံ့ပိုးမှုတွေ၊ နည်းပညာတွေ ကူညီထောက်ပံ့မှုတွေ အများကြီး လိုအပ်နေပါတယ်ပေါ့နော်။ ပြီးတော့ ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ ထိခိုက်လွယ်မှုတွေကို လျှော့ချပြီးတော့မှ သူတို့ဘဝမှာလည်း ကြံ့ကြံ့ခံနိုင်စွမ်းတွေ မြှင့်တင်ပေးဖို့၊ ပြီးတော့ တရားမျှတမှု ရှာဖွေရယူနိုင်မှုနဲ့ ပြန်လည်ထူထောင်နိုင်မှုတွေကိုလည်း အားကောင်းစေဖို့ အမျိုးသမီးတွေ စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းတွေ၊ အသက်မွေးဝမ်းကျောင်းနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွေကို အထူးဦးစားပေး ကူညီပံ့ပိုးဖို့ကိုလည်း လိုအပ်နေပါတယ်ပေါ့နော်။
ကျမပြောချင်တာက ကျမတို့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ feminist လှုပ်ရှားမှုတွေက ဆယ်စုနှစ် ၃ ခုလောက်သာ ရှိနေသေးတဲ့ အစုအဖွဲ့တွေက ဒီနှစ်ပေါင်းထောင်ချီ အမြစ်တွယ်နေတဲ့ ဖိုဝါဒကြီးစိုးမှုစနစ်ကြီးကို တိုက်ဖျက်ဖို့ဆိုတာ ကျမတို့ အင်အားတွေ အရမ်းပဲ လိုအပ်နေပါတယ်။ ကျမတို့ ဂျန်ဒါတန်းတူညီမျှရေးတွေရှိပြီး တရားမျှတမှု ရှိလာမယ်၊ တရားမျှတမှုရှိမှ ကျမတို့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်လို့၊ ကျေးဇူးပါ။”











