DVB Logo
Home
မြန်မာသတင်း
ခရိုနီ ဦးထွန်းမင်းလတ်နှင့် ဆက်နွှယ်သည့် ထိုင်းလွှတ်တော်အမတ်၏ ပိုင်ဆိုင်မှု ဘတ်သန်း ၄၀၀ ကျော် သိမ်းဆည်းခံရ
DVB
·
December 1, 2023
ခရိုနီ ဦးထွန်းမင်းလတ်နှင့် ဆက်နွှယ်သည့် ထိုင်းလွှတ်တော်အမတ်၏ ပိုင်ဆိုင်မှု ဘတ်သန်း ၄၀၀ ကျော် သိမ်းဆည်းခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး ငွေကြေးခဝါချမှုနဲ့ ထောင်ချခံထားရတဲ့ မြန်မာလက်နက်ပွဲစား ဦးထွန်းမင်းလတ်နဲ့ ဆက်နွှယ်တဲ့ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပါကျယန်းကွန်းရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၄၀၉ သန်းကို ယာယီသိမ်းဆည်းထားတယ်လို့  ထိုင်းနိုင်ငံ လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။

နိုင်းဥပကစ်ဟာ ထိုင်းစစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်အမတ်ဖြစ်ပြီး သူဟာ မြန်မာခရိုနီ ဦးထွန်းမင်းလတ်ရဲ့ Myanmar Allure Group ကုမ္ပဏီနဲ့ ပတ်သက်ခဲ့ကာ အဆိုပါကုမ္ပဏီရဲ့ ငွေစာရင်းထဲမှာ မူးယစ်ဆေးဝါးကုန်သည်တွေက ငွေလွှဲထားတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့လို့ ဗဟိုတရားရုံးက သူ့ကို တရားစွဲထားတာပါ။

တရားရုံးရဲ့ အမိန့်စာနဲ့ ထိုင်းအမျိုးသားလာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့က သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က စတင်စစ်ဆေးခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှာလည်း သူ့လုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ ဘန်ကောက်က ၅ နေရာ၊ လယောင်းခရိုင်က ၁ နေရာ၊ နခွန်ပထုန်ခရိုင်မှာ ၁ နေရာ၊ စုစုပေါင်း ၇ နေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ လာဘ်စားမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး  ရဲမှူးကြီး ဖာနုရတ် လတ်ဘွန်းက ယမန်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒီမတိုင်ခင် နိုဝင်ဘာ ၁၇ ရက်၊ ၂၁ ရက်နဲ့ ၂၇ ရက်တွေကလည်း သူပိုင်ဆိုင်တဲ့ မြေကွက်တွေ၊ တိုက်ခန်းတွေ၊ အိုးအိမ်တွေ သိမ်းဆည်းခဲ့ပြီး ၃၀ ရက်နေ့ကတော့ နောက်ထပ် ဇိမ်ခန်းကား အပါအဝင် ကား ၉ စီး၊ သေနတ် ၃ လက်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းထားတဲ့ သေတ္တာ ၁ လုံးကို ထပ်မံသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဇိမ်ခံကား ၉ စီးအနက် ၄ စီးကိုတော့ ရောင်းချခဲ့ပြီး ကျန် ၅ စီးမှာ ဘတ် ၁၅ သန်း ၂ သိန်းတန် Bentley ကား ၁ စီး၊ ဘတ် ၂၆ သန်း ၆ သိန်းတန် Ferrari ကား ၁ စီး၊ ဘတ် ၃ သန်းတန် မာစီဒီး ၂ စီးနဲ့ ဘတ် ၁၄ သန်းခွဲတန် Bentley Flying Spur ကားတို့ ပါဝင်ပါတယ်။

သူ့ရဲ့ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၄၀၉ သန်းကို ယာယီသိမ်းဆည်းထားပြီး အထက်လွှတ်တော်အမတ် နိုင်းဥပကစ်အနေနဲ့ ငွေကြေးရလာတဲ့ လမ်းကြောင်းတွေကို သတ်မှတ်ရက်အတွင်း တင်ပြရမှာဖြစ်ကြောင်း၊ ရိုးရိုးသားသား ရရှိလာတဲ့ ပိုင်ဆိုင်မှုတွေကို  ပြန်ပေးမယ်လို့ ရဲမှူးကြီး ဖာနုရတ်က ပြောပါတယ်။

အထက်လွှတ်တော်အမတ်ဟာ မနေ့က ဘန်ကောက် ဒုဆစ်နယ်မြေရှိ သူ့အိမ်မှာရှိနေပြီး တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်တွေကို ကောင်းမွန်စွာ ပူးပေါင်းပါဝင်ခဲ့တယ်၊ သူ့အနေနဲ့ အပြစ်မရှိတဲ့အကြောင်း တရားရုံးမှာ အမှုရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ ခရိုနီ ဦးထွန်းမင်းလတ် အပါအဝင် Allure Group က ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး ဦးထွန်းမင်းလတ်နဲ့တကွ ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁,၈၀၀ ကျော်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။

Allure Group ဟာ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ အခြေစိုက်ပြီး လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးအပြင် တာချီလိတ်မှာ ဟိုတယ်လုပ်ငန်း၊ ကာစီနိုရုံတွေပါ ဖွင့်လှစ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ မူလပိုင်ရှင်မှာ နိုင်းဥပကစ်ဖြစ်ပြီး သူဟာ နိုင်ငံရေးလောကထဲ ဝင်ရောက်လာတာနဲ့ အဲဒီကုမ္ပဏီကို ဦးထွန်းမင်းလတ်ထံ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိကုမ္ပဏီမန်နေဂျာမှာ သူ့ရဲ့သမက် ဖြစ်နေပါတယ်။

ဘန်ကောက် ထောင်းလော်နယ်မြေ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ Allure Group နဲ့ ပတ်သက်တဲ့ အမှုတွဲထဲမှာ အထက်လွှတ်တော်အမတ်ရဲ့ အမည်ဟာ နဂိုကတည်းက ပါရှိပြီးသားဖြစ်ပြီး ဦးထွန်းမင်းလတ်ကို ဖမ်းတာနဲ့ မရှေးမနှောင်း သူ့ကိုသွားဖမ်းမလို့ တရားရုံးမှာ ဝရမ်းသွားယူတော့ တရားသူကြီး ၄ ဦးက ဖမ်းမိန့်မပေးဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။

အဆိုပါအမှုတွဲပိုင်ရှင် စုံစမ်းစစ်ဆေးရေး ရဲမှူးကြီးနဲ့ အဖွဲ့ဝင် စုစုပေါင်း ၆ ဦးဟာလည်း တကွဲတပြားစီ အကြောင်းမဲ့ ပြောင်းရွှေ့ခံခဲ့ရကာ သူ့ရဲ့အမှုဟာလည်း တနှစ်ကျော် ကြန့်ကြာနေပြီး တိုးတက်မှုမရှိတဲ့အတွက် Future Forward Party လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ထဲမှာ ထောက်ပြခဲ့တာပါ။

အထက်လွှတ်တော်အမတ် နိုင်းဥပကစ်ကလည်း သူဟာ အပြစ်မရှိဘဲ နိုင်ငံရေးကစားတာ ခံရတယ်လို့ သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။ အမှုအကြောင်း လွှတ်တော်မှာ တင်ပြခဲ့တဲ့ Future Forward Party လွှတ်တော်အမတ် ရန်းဆီမန်းရုန်းကိုလည်း အသရေဖျက်မှုနဲ့ ပြန်လည်တရားစွဲထားပြီး ဘတ်သန်းပေါင်း ၁၀၀  နစ်နာကြေး အလျော်တောင်းထားပါတယ်။

Source-MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013