
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေါလာစောအုပ်စုနဲ့ ကျေးရွာတချို့မှာ အရေပြား ယားနာကူးစက်မှု ကြာမြင့်စွာ ဖြစ်ပွားနေတာကြောင့် ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ ကျန်းမာရေးတွေက ပြောပါတယ်။
အရေပြားရောဂါ ဖြစ်ပွားသူတွေဟာ ယခင်နှစ်တွေကတည်းက ဖြစ်ပွားတာရှိသလို လက်ရှိ လပိုင်းတွေမှာလည်း ပိုမိုဖြစ်ပွားလာတာကြောင့် ဆေးဝါးအကူညီလိုအပ်နေတယ်လို့ ကျန်းမာရေးဆရာမတယောက်က ပြောပါတယ်။
“လိုနေတာက သောက်ဆေး၊ လိမ်းဆေးပေါ့။ ကျမတို့ အခမဲ့ဆေးခန်းလိုမျိုး ရှိတယ်ဆိုပေမဲ့ တချို့ဆေးတွေတော့ ကိုယ့်ဟာကို ဝယ်ခိုင်းတာမျိုးတော့ ရှိတာပေါ့။ အဲဒီတော့ မဝယ်ကြဘူး။ ဝယ်မလိမ်းကြတော့ ရောဂါက ပြန်ပြန်ဖြစ်ကြတာလည်း ပါတယ်။”
အသက်အရွယ်စုံ အရေပြားယားနာတွေ ဖြစ်ပွားနေပြီး အချို့ကလေးသူငယ်တွေ ဦးခေါင်းတခုလုံး ပြည်ဖုတွေထွက်တဲ့အထိ ရောဂါလက္ခဏာ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
အရေပြားရောဂါဖြစ်ပွားတာ နှစ်၊ လတွေ ကြာလာတာကြောင့် သေချာပျောက်ကင်းတာမျိုးမရှိဘဲ ထပ်ပြီးကူးစက်တာလည်း ရှိနေလို့ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒေါလာစောအုပ်စုအတွင်းနဲ့ ကျေးရွာအချို့မှာတော့ ဒီးမော့ဆို၊ ဖရူဆိုကနေ စစ်ဘေးတိမ်းရှောင်လာသူတွေနဲ့ ဒေသခံတွေ နေထိုင်ပြီး လူဦးရေ ၃,၀၀၀ ကျော် ရှိနေပါတယ်။










