DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် ကရင်နီဒုက္ခသည်များကို နေရပ်ပြန်မပို့ရန် HRW တောင်းဆို
DVB
·
November 30, 2023
ထိုင်းရောက် ကရင်နီဒုက္ခသည်များကို နေရပ်ပြန်မပို့ရန် HRW တောင်းဆို
Donate to DVB

ကရင်နီဒေသကနေ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအစိုးရ အာဏာပိုင်တွေက မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့ပြီး ဒါကို ရပ်တန့်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နှောင်းပိုင်းလောက်မှာ ထိုင်းစစ်တပ်က နယ်စပ်ဒေသတလျှောက် ခိုလှုံနေကြတဲ့ ကရင်နီပြည်နယ်က ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်ပို့ခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား ပိတ်မိနေမှာ၊ ဒါမှမဟုတ် ပစ်မှတ်ထားခံရမှာကို စိုးရိမ်ကြတာကြောင့် အများစုကတော့ ထိုင်းနိုင်ငံဘက်ကို ပြန်လည်ရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။

HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ အယ်လိန်း ပီရာဆင်က “ထိုင်းအာဏာပိုင်တွေ အနေနဲ့ မကြာသေးခင်က မြန်မာဒုက္ခသည်တွေကို နေရပ်အတင်းအကျပ်ပြန်ပို့တာတွေကို ရပ်တန့်သင့်ပြီး ထိုင်းနိုင်ငံထဲမှာ အကာအကွယ်ရှာခွင့် ပြုသင့်ပါတယ်။ ဒီဒုက္ခသည်တွေ အများအပြားဟာ နေရပ်ပြန်ပို့ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းဘက်ကို ပြန်ရောက်လာတာက မြန်မာနိုင်ငံမှာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရတယ် ဆိုတာ ညွှန်ပြနေတာပါပဲ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ထိုင်းနိုင်ငံဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံဘက်က ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည် ၉၀၀၀၀ လောက် ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အနည်းဆုံး မြန်မာဒုက္ခသည် ၄၅,၀၀၀ လောက် ထိုင်းဘက်ကို ထွက်ပြေးသွားခဲ့ပြီး သူတို့ကို ထိုင်းအစိုးရက နယ်စပ်အနီးက အလွတ်သဘော ယာယီတဲတွေမှာ နေထိုင်ခွင့်ပြုခဲ့ပေမဲ့ ပြန်လည်ပြီးတော့ နေရပ်ပြန်ပို့တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ အသစ်ရောက်ရှိလာသူ ဒုက္ခသည်တွေကို ထိုင်းအစိုးရက လက်ရှိ ဒုက္ခသည်စခန်းတွေဆီ ဝင်ရောက်ခွင့်မပြုဘဲ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ဝန်ဆောင်မှုတွေ ရရှိရေးတို့အတွက် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခဲ့တယ်လို့ HRW အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ ကရင်နီပြည်နယ်မှာ မကြာခဏ ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာဒုက္ခသည် ၉,၀၀၀ လောက်ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ခိုလှုံခွင့်ရရှိရေး ကြိုးစားခဲ့ကြပြီး ထိုင်းအာဏာပိုင်တွေက သူတို့ကို အလွတ်သဘော ယာယီတဲတွေမှာ နေထိုင်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၁ ရက်တုန်းကတော့ ထိုင်းစစ်တပ်က ဒုက္ခသည်တွေကို နှစ်ပတ်အတွင်း မြန်မာနိုင်ငံဘက်ကို ပြန်ဖို့ အမိန့်ပေးပြီးနောက် လေးငါးရက်အကြာမှာပဲ သူတို့နေထိုင်ခဲ့တဲ့ အမိုးအကာတွေကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အများစုကတော့ ပြည်တွင်း အိုးအိမ်မဲ့ဒုက္ခသည်တွေ အခြေချနေထိုင်ရာ မယ်ဟောင်ဆောင်ခရိုင် နယ်စပ်မှာရှိနေတဲ့ ဒေါနိုးကူး စစ်ရှောင်စခန်းဆီ ပြန်သွားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ရှိခဲ့ကာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်အထိ မယ်ဟောင်ဆောင်ခရိုင်ထဲကို ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂,၃၈၇ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

HRW အဖွဲ့ကတော့ ခုလိုမျိုး ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို အတင်းအဓမ္မ ရွှေ့ပြောင်းဖို့ ခိုင်းစေခံရတာ၊ လုံခြုံမှုမရှိတာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရရှိတာတွေဟာ ဘေးဖယ်ခံထားရတဲ့ လူ့အဖွဲ့အစည်း‌တွေအပေါ် ပိုမို ဆိုးရွားလာစေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာစစ်အုပ်စုက အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ မတရားဖမ်းဆီးတာတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ အရပ်သားပြည်သူတွေကိုပါ ခွဲခြားဆက်ဆံမှု ကင်းမဲ့တဲ့ တိုက်ခိုက်မှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၂ သန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့အပြင် ဒုက္ခသည် ၉၅,၀၀၀ ကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြရတာပါ။

လတ်တလော ကရင်နီ (ကယား) ပြည်နယ်မှာတော့ လူဦးရေ ၃ သိန်းနီးပါးရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၂ သိန်းခွဲနီးပါး ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်ကူညီရေး အဖွဲ့တွေက တဆင့် သိရပါတယ်။

Source: HRW

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013