DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ၊ မြင်းမူနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
November 30, 2023
ပခုက္ကူ၊ မြင်းမူနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့ကနေ ပခုက္ကူဘက်ကိုပြန်လာတဲ့ စစ်ကောင်စီကား ၃ စီးကို နိုဝင်ဘာ ၂၉ ရက် ညနေ ၆ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူပကဖ တပ်ခွဲ (၂)Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ဟိုက်ဂျက် ၁ စီး၊ ၁၀ ဘီးကား ၁ စီး၊ ဖောကား ၁ စီးနဲ့ တင်ဆောင်ကာ သစ်ရွက်တွေအုပ်ပြီး မှောင်ရိပ်ခိုပြီးပြန်လာတဲ့အချိန်မှာ မိုင်းဆွဲလိုက်တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူရှိနိုင်ကာ စစ်ကောင်စီယာဥ်တန်း ရပ်တန့်သွားပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ကာ ပျက်စီးသွားတဲ့ကားကို တခြားကားတစီးနဲ့ ဆွဲပြီး ပခုက္ကူမြို့ဘက်ကို မောင်းသွားတယ်လို့ ပြောပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ တနင်္သာရီဘက် တက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို နိုဝင်ဘာ ၂၉ ရက် မနက် ၉ နာရီကျော်လောက်က ဘန်းလမွတ်ကျေးရွာအုပ်စုမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တနင်္သာရီမြို့နယ် ဘန်းလမွတ်အုပ်စုထဲက ကမ်းတိုကျေးရွာ အနီးမှာ တပ်သားအပြည့်နဲ့ မောင်းနှင်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်း ၃ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ မြိတ်ခရိုင်ပကဖရဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

“မိုင်း ၃ လုံးဆွဲလိုက်တာပါ။ စစ်ကောင်စီအဖွဲ့က ကျောက်ကား ၂ စီးနဲ့ တက်လာခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူလည်း များတယ်လို့ သိရတယ်။ မြိတ်မြို့နယ်ဘက်ကို နာရေးကား ၆ စီးနဲ့ တင်ဆောင်သွားတယ်။” 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က သေနတ်တွေနဲ့ ရမ်းသန်းပစ်ဖောက်ခဲ့သလို မော်တုန်းအခြေစိုက် ၃၀၆ အမြောက်တပ်ကနေလည်း ဘန်းလမွတ်ကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မြိတ်ဘက်က ဆင်းလာတာ၊ ကျောက်ကား ၂ စီးနဲ့ တခြားကားတွေလည်း ပါလာတယ်။ သေနတ်ပစ်ခတ်သံတွေ ကြား‌ရတယ်။ အထိအခိုက်တော့ များမယ်ထင်တယ်။ လက်နက်ကြီးကတော့ ပစ်တယ်။ ဒီတိုင်းနေလည်းပဲ ပစ်နေတာ။ အခုက ဘန်းလမွတ်ဘက်ပစ်နေတာ။” 

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်မှုမရှိ ပြန်ဆုတ်ခွာလာနိုင်ပြီး စစ်ကောင်စီ ဘက်က မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်မှုများနိုင်တယ်လို့ သိရကာ အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ပကဖ၊ ပုလောပကဖ (အရိပ်ပြောက်ကျား) နဲ့ မြိတ်ခရိုင်တပ်ခွဲ ၁၊ တပ်ခွဲ ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်ကလည်း တနင်္သာရီကနေ မြိတ်ဘက်တက်လာတဲ့ စစ်ကောင်စီကား ၄ စီးပါ ယာဥ်တန်းကို ညောင်ပင်ကုန်းရွာနားမှာ ဒေသတွင်း ပူးပေါင်းစစ်ကြောင်းကနေ မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတယ်လို့ သိရပါတယ်။

မြိတ်-တနင်္သာရီ ကားလမ်းမပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီယာဥ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ထိခိုက်ကျဆုံး များပြားနေတဲ့အတွက် ရံဖန်ရံခါ ခရီးသည်ကားတွေကို ကြားညှပ်ပြီး ကာဗာယူကာ သွားလာလှုပ်ရှားလေ့ ရှိတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအမြင်ရှိကြဖို့၊ တတ်နိုင်သမျှ ခရီးမသွားလာကြဖို့အပြင် မဖြစ်မနေ သွားလာရပါက စစ်ကောင်စီယာဥ်တန်းတွေနဲ့ အနီးကပ် သွားလာတာတွေ မလုပ်ဖို့တို့ကိုလည်း ဒေသတွင်း တော်လှန်ရေးအင်အားစု တပ်ဖွဲ့တွေကနေ သတိပေး တိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ် စက်ကြီးဝန်းအတွင်း အထိုင်ချ ကင်းပုံးဝတ်နေတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၈ ရက် ညနေ ၄ နာရီလောက်က ရက်ဆားပုလင်းပုံစံ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “အဲဒီစခန်းက စစ်ကောင်စီ အထိုင်အင်အား ၃၀ လောက်ရှိတဲ့ စခန်းတခုပါဗျ။ ပစ်တာကတော့ သူတို့အလစ်ကို ဝင်ပစ်ခဲ့တာ။ စစ်သား ၃ ဦးကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိထားရတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုလိုပစ်ခတ်ခံရပြီး အနီးပတ်ဝန်းကျင်က ရပ်ကွက်တွေအတွင်း လှည့်လည်စစ်ဆေးတာတွေ ပြုလုပ်ပြီး ဒေသခံတွေကို ဆဲရေးတိုင်းထွာတာတွေပါ ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုပစ်ခတ်မှုကို မြင်းခြံခရိုင် တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ-၃ True Fighter က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013