
နယူးကာဆယ်အသင်းနဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီဘက်ကို ပင်နယ်တီပေးခဲ့တဲ့ VAR ဒိုင်လူကြီးကို တာဝန်ထမ်းဆောင်ခွင့် ဆိုင်းငံ့ခဲ့ပါတယ်။
ပဲရစ်မှာကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ နယူးကာဆယ်အသင်းက အနိုင်ရဖို့ နီးစပ်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ပင်နယ်တီပေးလိုက်ရလို့ တဂိုးစီသရေနဲ့ ပွဲပြီးခဲ့တာပါ။
နယူးကာဆယ် နောက်ခံလူ လီဗာရန်မန်တိုဟာ တံတောင်နဲ့ ဘောလုံးထိခဲ့ပေမဲ့ မျက်ကွယ်ရာ အခြေအနေမှာ ဖြစ်တာကြောင့် ပင်နယ်တီမပေးသင့်ကြောင်း အင်္ဂလန် ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြကြတာပါ။
အဲဒီပွဲကို တာဝန်ယူခဲ့တဲ့ ပိုလန်က VAR ဒိုင်လူကြီး ခရတ်ကော့စကီးဟာ မနေ့ညက ကစားခဲ့တဲ့ ဆိုစီဒက်နဲ့ ဆဲလ်ဘက်ပွဲစဉ်ကို တာဝန်ပေးထားပေမဲ့ ပြန်လည်ရုပ်သိမ်းခံခဲ့ရပါတယ်။
VAR နဲ့ ပြန်လည်စစ်ဆေးရာမှာ ရူထောင့်ပေါင်းစုံကနေ ပြသပေးဖို့ တောင်းဆိုခြင်းမရှိခဲ့တဲ့ ပိုလန်ကွင်းလယ်ဒိုင် မာချီညက်ခ်ကိုလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
အဲဒီပိုလန်ဒိုင်နှစ်ဦးဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ တာဝန်ယူခဲ့တဲ့ နာမည်ရဒိုင်တွေ ဖြစ်ကြပါတယ်။
Photo-Reuters










