
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၇၀,၀၀၀ ကျော်အထိ ရှိနေပြီး စားဝတ်နေရေး အခက်အခဲများစွာ တွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။
ပေါက်တောမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာ ၁၇၈ ရွာရှိပြီး လူဦးရေ ၁၅၀,၀၀၀ လောက် နေထိုင်နေကြတာပါ။
ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ရက္ခိုင့်တပ်တော်(အေအေ)က သုံးကြိမ်တိုင်တိုင် ကယ်ထုတ်နေပြီး စစ်ကောင်စီတပ်ကို ရှင်းလင်းတိုက်ခိုက်နေပါတယ်။
ပေါက်တောစစ်ဘေးရှောင် ဆရာတော်တပါးက “စားနပ်ရိက္ခာတွေကိုတော့ ဝေငှပြီး စားနေကြတယ်။ တယောက်ကို ဆန်တဘူးပေါ့။ မိမိဘာသာ ချက်စားကြတဲ့လူလည်း ရှိတယ်။ ချက်မစားနိုင်တဲ့သူကို ပုံစံနဲ့ပေးတယ်။ ငါးဟင်းတွေကတော့ ရသလို ဖြစ်သလို စားနေကြရတာပါ။ အနီးအနားရွာတွေက ဆန်တွေ ကူညီပို့ပေးကြတယ်။ တတ်နိုင်သလောက် ပို့ပေးကြတာပေါ့လေ။ လုံခြုံရေးကတော့ ညဆို ရက္ခိုင့်တပ်တော်ဘက်က ကင်းချထားတယ်။ ကံတရားပါပဲ၊ အပြည့်အဝ လုံခြုံတယ်လို့တော့ ဘယ်ရှိပါ့မလဲ” လို့ မိန့်ပါတယ်။
ပေါက်တောမြို့အတွင်း စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရပြီး ကျန်ရှိနေတဲ့ ပေါက်တောမြို့သူမြို့သားတွေကို ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်တခုကို ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၁ ရက်က ဓားစာခံတွေထဲက အယောက်၁၂၀ ကို အေအေ တပ်ဖွဲ့ဝင်တွေက ပထမအသုတ်အနေနဲ့ ကယ်ထုတ်နိုင်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်ကလည်း ရန်သူ့လက်ထဲ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေနဲ့ မြို့တွင်းရှိ နေအိမ်တချို့မှာ ပုန်းအောင်းနေသူ စုစုပေါင်း ၁၀၄ ဦးကို ဒုတိယအသုတ်အနေနဲ့ ထပ်မံကယ်ထုတ်နိုင်ခဲ့ပါတယ်။
လက်ရှိ ပေါက်တောမြို့ကို စစ်ကောင်စီက အေအေလက်ထဲမကျနိုင်ရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံကာကွယ်နေရာ လူနေရပ်ကွက်များ၊ စျေးတွေပါမကျန် ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ပေါက်တောမှာ မီးလောင်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားနေပါတယ်။