DVB Logo
Home
မြန်မာသတင်း
ကုန်းကြမ်းအခြေစိုက် စစ်ကောင်စီ ခလရ ၁၂၅ တပ်ရင်းလိုက် MNDAA ထံ အလင်းဝင်
DVB
·
November 29, 2023
ကုန်းကြမ်းအခြေစိုက် စစ်ကောင်စီ ခလရ ၁၂၅ တပ်ရင်းလိုက် MNDAA ထံ အလင်းဝင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နဲ့ လောက်ကိုင်မြို့ကြားက ကုန်းကြမ်းမြို့အခြေစိုက် အမှတ် ၁၂၅ ခြေလျင်တပ်ရင်းတရင်းလုံး ကိုးကန့်တပ်ဖွဲ့ MNDAA ထံ အလင်းဝင်ရောက်လာကြောင်း ပြောခွင့်ရသူက ဒီဗွီဘီကို အတည်ပြုပါတယ်။

နိုဝင်ဘာ ၂၈ ရက်က ကုန်းကြမ်းမြို့အနီးဝန်းကျင်မှာ MNDAA ဘက်က စစ်ဆင်ရေး ဖော်ဆောင်နေချိန် စခန်းကုန်းပေါ်ကနေ အလံဖြူထောင်ပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။

“စခန်းကုန်းတခုလုံးပါ။ တယောက်မှမကျန်ပါဘူး။ အဲ့နေရာကိုလည်း သိမ်းပိုက်နိုင်ပါပြီ” လို့ MNDAA ပြောခွင့်ရသူ လီကျားဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ အလင်းဝင်တဲ့အထဲ အရာရှိ၊ တပ်သား ဘယ်နှစ်ဦးပါဝင်တယ် ဆိုတာနဲ့ လက်နက်ခဲယမ်း ဘယ်လောက်အထိ သိမ်းဆည်းရမိတယ်ဆိုတာတွေကိုတော့ အသေးစိတ် စာရင်းပြုစုပြီးမှ ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။

ကုန်းကြမ်းမြို့အခြေစိုက် အမှတ် ၁၂၅ တပ်ဟာ လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်က တပ်ရင်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီစခန်းကုန်းဟာ မြေအောက်ခန်းတွေ၊ ရဟတ်ယာဉ်ကွင်းတွေနဲ့ နှစ်ပေါင်း ၃၀ လောက် အခိုင်အမာ တည်ဆောက်ထားတဲ့စခန်း ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ၁၉၆၀ ကျော်လောက်တည်းက ကုန်းကြမ်းဒေသကို ဝင်ရောက်ကာ ၁၉၉၂ ခုနှစ်မှာ ကုန်းကြမ်းစခန်းကုန်းကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့တာလို့ လီကျားဝင်းက ပြောပါတယ်။

“၁၉၉၂ ခုနှစ်နောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ပွဲဘယ်လောက်ပဲရှိရှိ၊ သူတို့က ဒီစခန်းကုန်းကို ပိုင်ပိုင်ထိန်းသိမ်းထားနိုင်ခဲ့တယ်။”

အောက်တိုဘာ ၂၇ ရက်က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီလိုစခန်းကုန်းက တပ်သားတွေ တရင်းလုံး လက်နက်ချလာတယ်ဆိုတာ စစ်ကောင်စီရဲ့ ပြိုကွဲမှုပဲဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒီဖြစ်ရပ်ဟာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ကျဆင်းမှုကို သက်သေပြနေကြောင်းနဲ့ MNDAA အတွက်တော့ သမိုင်းဝင်အောင်မြင်မှု နောက်တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကလည်း လောက်ကိုင်အခြေစိုက် ခလရ ၁၂၉ တပ်ရင်းက တပ်ရင်းမှူးကိုယ်တိုင်ဦးဆောင်ပြီး တပ်သား ၁၀၀ ကျော် MNDAA နဲ့မဟာမိတ်တပ်တွေဆီမှာ လက်နက်ချခဲ့ပါသေးတယ်။

ဒါကြောင့် အခုလက်နက်ချမှုဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဆင်ရေးကာလအတွင်း ဒုတိယအကြိမ်မြောက် တပ်ရင်းအလိုက် လက်နက်ချမှုဖြစ်လာခဲ့ပါတယ်။

စိုးသူအောင်

Photo-The Kokang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013